“မဂိုးခင်တည်းက ငိုနှင့်သည်” ဇာတ်ကားရိုက်သွားတဲ့ အိုင်ဗရီကို့စ်ဂိုးသမား

မနေ့က ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့ ဆီရီယာလီယွန်တို့ရဲ့ အာဖရိကဖလား အုပ်စုပွဲစဥ်ရဲ့ နောက်ဆုံးမိနစ်မှာ အံ့အားသင့်စရာ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာတော့ တဖက်နှစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး ဆီရီယာလီယွန်ကတော့ အုပ်စုနှစ်ပွဲကစားပြီးချိန်မှာ နှစ်မှတ်ရရှိအောင် စွမ်းဆောင်ထားနိုင်တာပါ။

အိုင်ဗရီကို့စ်က ၂-၁ ဂိုးနဲ့ ဦးဆောင်ထားချိန် ပွဲကစားချိန် နောက်ဆုံးမိနစ်မှာ အသင်းဖော်နောက်ခံလူ ခေါင်းတိုက်ပေးလိုက်တဲ့ ဘောလုံးကို အိုင်ဗရီကို့စ် ဂိုးသမား ဆန်ဂါရီ  ဖမ်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် မထင်မှတ်ဘဲ အဲ့ဒီဘောလုံးက ဆန်ဂါရီ လက်ထဲက ချော်ထွက်သွားခဲ့ပြီး ဆီရီယာလီယွန်အတွက် အဖိုးတန် ချေပဂိုးကို ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။

အသက် (၃၅) နှစ်အရွယ် ဒီဂိုးသမားရဲ့ အမှားက တော်တော်လေး ပြောစရာဖြစ်ခဲ့ပြီး ဆန်ဂါရီအနေနဲ့လည်း ဒီဘောလုံးကို ဖမ်းလိုက်ချိန်မှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ကျန်တဲ့ပွဲကစားချိန် အနည်းငယ်ကို အိုင်ဗရီကို့စ်ရဲ့ စပါးနောက်ခံလူ အော်ရီယာက ဂိုးသမားအဖြစ် ကစားခဲ့ရပါတယ်။

ပရိသတ်တွေကတော့ ဆန်ဂါရီအနေနဲ့ အမှန်တကယ် ဒဏ်ရာရရှိခဲ့တာ မဟုတ်ဘဲ အမှားကြီး ကျူးလွန်ခဲ့တာကြောင့်သာ ဒဏ်ရာရဟန်ဆောင်တယ်လို့ဆိုနေကြပါတယ်။

ရုပ်သံမြင်ကွင်းတွေမှာလည်း ဆန်ဂါရီက ပြိုင်ဘက်ခြေထောက်ထဲ ဘောလုံးရောက်သွားချိန်၊ မဂိုးခင်မှာတင် ငိုကြွေးနေတာကို တွေ့ရှိခဲ့ရပါတယ်။

ဆီရီယာလီယွန်အတွက်ကတော့ အုပ်စုပထမပွဲစဥ်မှာ ကိုယ့်ဂိုးသမားရဲ့ လက်စွမ်းပြမှုနဲ့ သရေတမှတ်ရရှိခဲ့သလို အခု အုပ်စု ဒုတိယပွဲစဥ်မှာလည်း ပြိုင်ဘက် ဂိုးသမားရဲ့ အမှားကတဆင့် သရေတမှတ်ရရှိခဲ့ပြီး အံ့အားသင့်ဖွယ်ရာတွေနဲ့ ပြည့်နှက်နေတယ်လို့ဆိုရမှာပါ။