သူ့အသင်းက ကစားသမားကို ဘလွန်းဒီအော်ထပ်ပေးသင့်တယ်လို့ ပါပါပီရက်ဇ်ပြော

ရီးရဲယ်မက်ဒရစ် ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သူ့အသင်းရဲ့ ကွင်းလယ် ကစားသမား မိုဒရစ်က နောက်ထပ် ဘလွန်းဒီအော်ဆု တကြိမ်နဲ့ ထိုက်တန်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ရီးရဲယ်မက်ဒရစ်တို့ စပိန် စူပါဖလားကို မနေ့က ဆွတ်ခူးခဲ့ပြီးနောက် ပီရက်ဇ်က အခုလိုပဲ ပြောကြားခဲ့တာပါ။

ဘီလ်ဘာအိုကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဗိုလ်လုပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို မိုဒရစ်က လှလှပပ သွင်းယူခဲ့ပြီး ဘန်ဇီမာက ဒုတိယပိုင်းမှာ ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အသက် (၃၆) နှစ်အရွယ် မိုဒရစ်ဟာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက်လည်း ဆန္ဒရှိနေပါတယ်။

ပီရက်ဇ်ကလည်း “မိုဒရစ်နဲ့ ကော်တိုအာတို့ နှစ်ယောက်က လက်ရှိအချိန်မှာ သူတို့ ကစားနေတဲ့နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပါ။ မိုဒရစ်က အကောင်းဆုံး ပုံစံရှိနေဆဲဖြစ်ပြီး ဘလွန်းဒီအော် နောက်တကြိမ် ထပ်ရသင့်ပါတယ်” လို့ ပီရက်ဇ်က ပြောကြားသွားခဲ့ပါတယ်။

မိုဒရစ်ဟာ (၂၀၁၈) ဘလွန်းဒီအော်ဆုကို ဆွတ်ခူးထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ အဲ့ဒီနှစ်မှာ မိုဒရစ်က ခရိုအေးရှားကို (၂၀၁၈) ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး အငြင်းပွားဖွယ်မရှိ ထိုက်တန်ခဲ့တယ်လို့ ဆိုရမှာပါ။

ဘလွန်းဒီအော်ဆုကိုတော့ မက်ဆီက (၇) ကြိမ်နဲ့ အများဆုံး ဆွတ်ခူးထားပြီး မိုဒရစ်ကတော့ သူ့ရဲ့ ကစားသမားဘဝတလျှောက် အဲ့ဒီတကြိမ်သာ ဆွတ်ခူးခဲ့ဖူးတာဖြစ်ပါတယ်။