အသင်းမပြောင်းရသေးဘူး၊ ခုတည်းက အကွဲအပြဲဖြစ်ချင်နေတဲ့ ဟာလန်းနဲ့ဒေါ့မွန်

ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းက သူ့အနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်ရမယ့် အချိန် ရောက်နေပြီဖြစ်တဲ့အကြောင်း၊ လတ်တလောမှာ အသင်းအတွက် အာရုံစိုက်ဖို့အတွက် ဒေါ့မွန်ဘက်က သူ့ကို တစုံတရာ ဆုံးဖြတ်ပေးဖို့ ဖိအားပေးနေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဟာလန်းရဲ့ ပြောစကားတွေအပေါ် ဒေါ့မွန် တာဝန်ရှိသူတွေဘက်က အံ့အားသင့်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားရဲ့ စာချုပ် လျော်ကြေးက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ပေါင် (၆၄) သန်းသာ ရှိတော့မှာပါ။

အဲ့ဒါကြောင့် အသက် (၂၁) နှစ်အရွယ် အဆိုပါ တိုက်စစ်မှူးကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေက အပြိုင်အဆိုင်ဖြစ်နေပါတယ်။ ဒါပေမယ့် ဟာလန်းရဲ့ နောက်ဆုံးပြောစကားတွေက အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့ကို အံ့အားသင့်စေခဲ့ပါတယ်။

မိုက်ကယ်ဇော့က “ဟာလန်းရဲ့ ပြောစကားတွေက ကျနော်တို့ကို အတော်လေး အံ့အားသင့်စေပါတယ်။ သူ့အတွက် ဘာမှ သတ်မှတ်ထားတာမရှိဘဲ အခုထိလည်း ဘာမှမဆွေးနွေးထားပါဘူး။ ဒါပေမယ့် တချိန်မှာတော့ ကျနော်တို့ ဆွေးနွေးချင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟာလန်းအတွက် ရေပန်းအစားဆုံး နှစ်သင်းကတော့ ရီးရဲယ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဖြစ်ပြီး ဟာလန်းအနေနဲ့ စပိန်ဘာသာစကားကို သင်ယူထားတာကြောင့်လည်း လာလီဂါကိုသာ ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အားလုံးက ယူဆထားကြပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေထဲက ယူနိုက်တက်၊ မန်စီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့ကလည်း ဟာလန်းကို စိတ်ဝင်စားနေပေမယ့် အေးဂျင့် ရွိုင်အိုလာ တောင်းဆိုမှုတွေက အလွန်များပြားနေတာကြောင့် လက်တွန့်နေကြပါတယ်။