သမီးဖြစ်သူ ဟာပါနဲ့ နမ်းနေတဲ့ပုံကြောင့် ထပ်မံဝေဖန်ခံလိုက်ရတဲ့ ဒေးဗစ်ဘက်ခမ်း

မန်ချက်စတာယူနိုက်တက် ဂန္တ၀င် ကစားသမား ဒေးဗစ်ဘက်ခမ်းဟာ (၁၀)နှစ်အရွယ် သမီးဖြစ်သူနဲ့ နှုတ်ခမ်းချင်းနမ်းနေတဲ့ ပုံကြောင့် ဒါဟာ ထူးဆန်းပြီး မသင့်လျော်ဘူးဆိုပြီး ထပ်မံဝေဖန်ခြင်း ခံနေရတာလည်း ဖြစ်ပါတယ်။

အသက်(၄၆)နှစ်အရွယ်ရှိ ဒေးဗစ်ဘက်ခမ်းဟာ သမီးဖြစ်သူနဲ့ မနက်ခင်း လမ်းလျှောက်ထွက်ရင်း နမ်းနေတဲ့ ပုံကို သူ့ရဲ့ အင်စတာဂရမ်မှာ သောကြာနေ့က တင်ခဲ့တာပါ။အင်စတာဂရမ်မှာ ဖော်လိုဝါ (၇၀ ဒသမ၇)သန်းရှိတဲ့ ဒေးဗစ်ဘက်ခမ်း က “ဒယ်ဒီနဲ့ မင်းသမီးလေး လီယာ တို့ဟာ ဒီမနက်မှာ ချစ်စရာကောင်းတဲ့ လမ်းလျှောက်ထွက်ခဲ့ကြတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီထဲက ဓါတ်ပုံတပုံမှာ ဒေးဗစ်ဘက်ခမ်း ဟာ သမီးဖြစ်သူ ဟာပါဆဲဗင်းနဲ့ နှုတ်ခမ်းချင်းနမ်းနေတဲ့ ပုံပါ၀င်ခဲ့တာပါ။ ဒါကို ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပရိသတ်တဦးက “သမီးရဲ့ နှုတ်ခမ်းကို ဘာကြောင့် နမ်းတာလဲ?ဒါဟာ ထူးဆန်းပြီး မသင့်လျော်ပါဘူးလို့”ရေးခဲ့ပါတယ်။နောက်တဦးက “သူမဟာ အသက်အရွယ်ကြီးလာတဲ့ မိန်းကလေးဖြစ်လာတာကြောင့် နှုတ်ခမ်းပေါ်နမ်းတာကို ရပ်သင့်ပြီဆိုပြီး”ရေးသားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်သူတွေကလည်း သမီးရဲ့ နှုတ်ခမ်းကို နောက်ထပ်မနမ်းပါနဲ့၊မိသားစုတွေက ဘာလို့ နှုတ်ခမ်းကို နမ်းကြတာလဲ၊နှုတ်ခမ်းနမ်းတာကို ရပ်လိုက်ပါ။ကျေးဇူးပြုပြီး မိဘတွေက သားသမီးတွေကို နှုတ်ခမ်းနမ်းတာ မမှန်ကန်ပါဘူးဆ်ိုပြီး မှတ်ချက်တွေ အမျိုးမျိုးရေးသားခဲ့ကြတာဖြစ်ပါတယ်။

အချို့ ပရိသတ်တွေကတော့ ဒေးဗစ်ဘက်ခမ်းရဲ့ ဘက်ကနေ ကာကွယ်ပေးခဲ့ပြီး ဒါဟာ ဖခင် မေတ္တာဖြစ်ပြီး ပုံမှန်ပါပဲလို့ဆိုခဲ့ကြပါတယ်။ဒေးဗစ်ဘက်ခမ်း ဟာ သူ့သမီးကို နမ်းတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ခံရတာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

ဒေးဗစ်ဘက်ခမ်းကတော့ သူဟာ သူ့ကလေးတွေအားလုံးရဲ့ နှုတ်ခမ်းကို နမ်းတယ်ဆိုပြီး ဝေဖန်မှုတွေကို ပြန်လည်ပြောခဲ့ဖူးပါတယ်။သူဟာ ကလေးတွေ အားလုံးကို အလွန်ချစ်မြတ်နိုးကြောင်း ပြသခဲ့တာဖြစ်တယ်လို့ ပြောထားခဲ့တာဖြစ်ပါတယ်။