နောက်ထပ် (၄)၊(၅)နှစ်လောက် ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် အသင်း တိုက်စစ်ကစားသမား ရော်နယ်ဒို ဟာ နောက်ထပ်(၄)၊(၅)နှစ်လောက် ကစားချင်တယ်လို့ (၂၀၂၁) အတွက် ချီးမြှင့်တဲ့ ဖီဖာတနှစ်တာ အကောင်းဆုံး‌ဆုပေးပွဲမှာ အထူးဆု ရရှိပြီးနောက် ပြောလိုက်ပါတယ်။

ရော်နယ်ဒို ဟာ ပေါ်တူဂီ လက်ရွေးစင် အတွက် (၁၁၅)ဂိုးသွင်းယူထားပြီး နိုင်ငံတကာသွင်းဂိုးအများဆုံး အမျိုးသား ကစားသမားအဖြစ် စံချိန်တင်ထားတာကြောင့် အခုလို အထူးဆု ချီးမြှင့်ခံခဲ့ရတာပါ။

ရော်နယ်ဒို ဟာ အကောင်းဆုံး အမျိုးသားဆုအတွက် ထိပ်ဆုံး(၃)ဦးစာရင်းမှာ မပါဝင်ခဲ့ပေမယ့် အထူးဆု ရခဲ့သလို ဖီဖာ ရဲ့အကောင်းဆုံး(၁၁)ဦးစာရင်းမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို က “ဒီလိုစံချိန်ကို တင်နိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ထားပါဘူး။ကျွန်တော် အလွန်ဂုဏ်ယူပါတယ်။ဒါက ကျွန်တော်လေးစားရတဲ့ ဖီဖာက ပေးတဲ့ အထူးဆုပါ။ဒါကို တကယ်ဂုဏ်ယူမိပါတယ်။ဒါဟာ ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုပါပဲ”

“ကျွန်တော်ဟာ ကစားပွဲတွေအတွက် စိတ်အားထက်သန်မှုတွေရှိနေပါသေးတယ်။ဂိုးတွေသွင်းရုံပဲမဟုတ်ဘဲ ဖျော်ဖြေမှုတွေလည်း ပြုလုပ်ဦးမှာပါ။ကျွန်တော်ဟာ လေ့ကျင့်ရေးမှာတောင် ကွင်းထဲရောက်သွားသလိုပဲ စိတ်ဓါတ်တက်ကြွမှုတွေရှိနေပါတယ်”

“မကြာခင် အသက်(၃၇)နှစ်ပြည့်တော့မှာဖြစ်ပေမယ့် အလွန်ကောင်းမွန်စွာနဲ့ ဆက်သွားချင်ပါတယ်။ကျွန်တော်ဟာ (၄)၊(၅)နှစ်လောက် ဆက်ကစားဖို့ မျှော်လင့်ထားပါတယ်။ခင်ဗျားအနေနဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရင် ခန္ဓာကိုယ်ကလည်း ခင်ဗျားလိုအပ်တဲ့ အခါပြန်ပေးပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒို ဒဏ်ရာကြောင့် ဗီလာ နဲ့ ကစားခဲ့တဲ့ နောက်ဆုံး(၂)ပွဲလုံး မပါဝင်နိုင်ခဲ့ပေမယ့် ဘရန်ဖိုဒ့်နဲ့ ကစားမယ့် ပွဲမှာတော့ မန်ချက်စတာယူနိုက်တက် အတွက် ပါဝင်ဖွယ်ရှိနေတာဖြစ်ပါတယ်။