အသင်းက လစ်နေပါတယ်ဆိုမှ ကွင်းထဲမှာ ဝူးဝါးဝူးဝါး ထဖြစ်ခဲ့ကြတဲ့ ချဲလ်ဆီးတိုက်စစ်နှစ်ယောက်

ချဲလ်ဆီး တိုက်စစ်ပိုင်းက ဇီယက်ချ်နဲ့ လူကာကူတို့ နှစ်ယောက်ဟာ မနေ့က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲ ပထမပိုင်းအပြီးမှာ စကားအချေအတင်များခဲ့ကြတာကို ရုပ်သံမှတ်တမ်းတွေက အမိအရ ဖော်ပြခဲ့ပါတယ်။ တဖက် တဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲက ချဲလ်ဆီးအတွက်တော့ (၄) ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှု ဖြစ်ခဲ့တာပါ။

ဇီယက်ချ်ဟာ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အောင်ပွဲခံမှု မရှိတဲ့အပေါ် ချဲလ်ဆီး ပရိသတ်တွေက စိုးရိမ်ခဲ့ကြပြီး ပထမပိုင်းအပြီးမှာလည်း အခုလိုပဲ လူကာကူနဲ့ စကားများခဲ့ပုံ ပေါ်တာပါ။

ဇီယက်ချ်ဟာ လူကာကူကို ဘောလုံးပေးသင့်ပေမယ့် မပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့တဲ့အပေါ် လူကာကူက အကြီးအကျယ် စိတ်ပျက်ခဲ့ရပါတယ်။

အဲ့ဒါကြောင့် ပထမပိုင်းအပြီး အဝတ်လဲခန်းထဲအသွားမှာတော့ နှစ်ယောက်ကြားထဲမှာ ပြဿနာတက်ခဲ့ပုံပေါ်ပြီး ဇီယက်ချ်ကတော့ စကားပြောနေချိန်မှာ လက်နဲ့အုပ်ထားပေမယ့် လူကာကူကတော့ ဘာကိုမှဂရုမစိုက်နိုင်ဘဲ ဇီယက်ချ်နဲ့ ခွန်းတုံ့ခွန်းပြန် ပြောဆိုခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ ဝက်ဘ်စတာရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရပြီး အဝေးကွင်းမှာ နိုင်ပွဲ ပျောက်ဆုံးခဲ့ရပြန်ပါတယ်။ ချဲလ်ဆီး  တိုက်စစ်ပိုင်းနဲ့ ပတ်သက်လို့ နည်းပြ သောမတ်စ်တူဟယ်လ် ကိုယ်တိုင်က မန်စီးတီးနဲ့ ပွဲအပြီးမှာ လူသိရှင်ကြား ဝေဖန်ခဲ့ရပါသေးတယ်။

ချဲလ်ဆီးဟာ ဘရိုက်တန်နဲ့ ပထမအကျော့မှာလည်း ဝဲလ်ဘတ်ရဲ့ နောက်ကျချေပဂိုးကြောင့် အိမ်ကွင်းမှာ သရေကျခဲ့ပြီး အခု အဝေးကွင်းပွဲမှာလည်း ဦးဆောင်ဂိုးသွင်းပြီးမှ ချေပဂိုးပေးလိုက်ရပြန်တာဖြစ်ပါတယ်။