မက်ဆီကို စိတ်ဆိုးအောင်လည်း မလုပ်ထားပါဘူးကွာလို့ ပြောသွားတဲ့ လီဝန်ဒေါစကီး

ပိုလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကတော့ ဖီဖာအကောင်းဆုံး ကစားသမားဆုအတွက် မက်ဆီက သူ့ကို မဲမပေးခဲ့တဲ့အပေါ် မက်ဆီကိုသာ တိုက်ရိုက်သွားမေးသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

တနင်္လာညက ကျင်းပခဲ့တဲ့ ဖီဖာ အကောင်းဆုံး ကစားသမားဆုပေးပွဲမှာ လီဝန်ဒေါစကီးက အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

ဒီအတွက် လက်ရွေးစင် အသင်းခေါင်းဆောင် ကစားသမားတွေအချင်းချင်း မဲပေးရွေးချယ်ရတဲ့ စနစ်လည်း ပါဝင်ခဲ့ပြီး မက်ဆီကတော့ လီဝန်ဒေါစကီးအတွက် မဲပေးခဲ့ခြင်း မရှိပါဘူး။ ဒီအတွက် လီဝန်ဒေါစကီးက “ကျနော် မက်ဆီ စိတ်ဆိုးအောင် ဘာအမှားမှ မပြုလုပ်ထားပါဘူး”

“ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားအပြီး သူ့ဆီက ကောင်းမွန်တဲ့ စကားတွေ ကြားခဲ့ရပါတယ်။ အခုတော့ သူ့ရွေးချယ်မှုအတွက် သူ နောင်တရနေမှာပဲ။ ဒီမေးခွန်းကို ခင်ဗျားတို့ မက်ဆီကိုပဲ သွားမေးလိုက်ပါ။ ကျနော်ကတော့ သူ စိတ်ဆိုးလောက်စရာ ဘာမှ မလုပ်ထားပါဘူး”

“ဒါက သူ့ရဲ့ရွေးချယ်မှုဖြစ်ပြီး ကျနော် ဒါကို လေးစားရမှာပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ လီဝန်ဒေါစကီးကို ထိပ်ဆုံးသုံးယောက် စာရင်းထဲမှာတောင် ထည့်သွင်းမဲပေးခဲ့တာမျိုး မရှိပါဘူး။ ဒါပေမယ့် လီဝန်ဒေါစကီး ဆုရတယ်လို့ ကြေညာလိုက်ချိန်မှာ မက်ဆီပြုံးပျော်ရွှင်ခဲ့တဲ့အပေါ် ပရိသတ်တွေက ကျေနပ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားမှာ မက်ဆီက ရေပန်းစားနေတဲ့ လီဝန်ဒေါစကီးကို ကျော်ဖြတ်ပြီး (၇) ကြိမ်မြောက် ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာပါ။ အဲ့ဒီအခမ်းအနားက အကျိုးဆက်တွေက အခုချိန်ထိကို ရိုက်ခတ်နေဆဲလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။