မန်ယူပရိသတ်တွေ ငိုရမလား၊ ရယ်ရမလားမသိတဲ့ သတင်းတခုကို ပြောပြလာတဲ့ ရန်းနစ်ဂ်

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ ပေါ့ဘာက အသင်းအတွက် တောက်ပလာဦးမယ့် ကစားသမားဖြစ်တဲ့အကြောင်း ပြောကြားလိုက်ပါတယ်။ ပေါ့ဘာဟာ ပြင်သစ် လက်ရွေးစင်နဲ့ သွားရောက်ပူးပေါင်းရင်း ပေါင်ခြံဒဏ်ရာ ရရှိထားတာပါ။

ပေါ့ဘာအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကာရင်တန်မှာ လေ့ကျင့်ခန်း ပြန်လည်ဆင်းနိုင်ခဲ့ပေမယ့် ဒီကစားသမားကို ပွဲထွက် ကစားသမားအဖြစ် ပြန်လည် အသုံးပြုဖို့ နောက်ထပ် နှစ်ပတ်လောက် အချိန်ယူရဦးမယ်လို့လည်း ရန်းနစ်ဂ်က ပြောပါတယ်။

ရန်းနစ်ဂ်က “ပေါ့ဘာက သူ ဘယ်လို ကစားသမားမျိုးလဲဆိုတာကို ပရိသတ်တွေကိုရော၊ ဘုတ်အဖွဲ့ကိုရော၊ တကမ္ဘာလုံးကိုပါ ပြသချင်တာပါ။ စာချုပ်သစ် ကိစ္စ ရှိနေပေမယ့် သူက ဒါကို လုပ်ပြဖို့ စိတ်ဆန္ဒပြင်းပြနေပါတယ်။ ဒီတော့ ကျနော်လည်း သူ့ကိုထည့်မသုံးစရာ ဘာအကြောင်းရှိမှာလဲ”

“သူက အသင်းနဲ့အတူ တကျော့ပြန် လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပြီး ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာကို တတ်နိုင်သလောက် ပြသသွားပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီတပတ် ကစားမယ့် နှစ်ပွဲကိုတော့ ပါနိုင်ဦးမှာ မဟုတ်ပါဘူး”

“ဒါပေမယ့် နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာ ကစားမယ့် မစ်ဒယ်ဘရော့၊ ဘန်လေတို့နဲ့ပွဲမှာတော့ ပေါ့ဘာ ပါဝင်နိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။