“အာဆင်နယ်လုပ်ကွက်ကြီးက တကယ့်ငစား” လို့ စပါးနည်းပြ ကွန်တီ ထုတ်ပြော

လန်ဒန်ဒါဘီပွဲစဥ်ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့ အာဆင်နယ်ရဲ့ လုပ်ရပ်က အရမ်းကို ထူးဆန်းလွန်းတယ်လို့ စပါးနည်းပြ ကွန်တီက ဖွင့်ဟပြောကြားလာပါတယ်။ စပါးနဲ့အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက စပါးအိမ်ကွင်းမှာ ကစားဖို့ စီစဥ်ထားတာပါ။

ဒါပေမယ့် အဲ့ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်က ကိုဗစ်ပြဿနာ၊ ဒဏ်ရာပြဿနာနဲ့ အာဖရိကဖလားအတွက် ကစားသမား စေလွှတ်ထားရတာတွေကြောင့် ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကလည်း လက်ခံခဲ့ပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေရှိနေတာပါ။

စပါးက အာဆင်နယ်ရဲ့လုပ်ရပ်အပေါ် တရားဝင်ကြေညာချက်ထုတ် ဝေဖန်ခဲ့ပြီး အာဆင်နယ်မှာလည်း ကိုဗစ်ဖြစ်နေတဲ့ ကစားသမားက တယောက်တည်းရှိတယ်လို့ သိရပါတယ်။ စပါးနည်းပြ ကွန်တီကလည်း “ကျနော့်ခံစားချက်ကတော့ ကစားရမှာပေါ့။ ဒဏ်ရာကြောင့်၊ နိုင်ငံပွဲတွေကြောင့် ဒါမှမဟုတ် အခြားအကြောင်းကြောင့် ဒီလို ပွဲမရွှေ့သင့်ပါဘူး”

“ကျနော်တို့လည်း ကိုဗစ်ပြဿနာတွေ ရှိနေတာပဲ။ ဒါပေမယ့် ပွဲကို ရွှေ့ဆိုင်းဖို့ဆိုရင် ကိုဗစ်တခုတည်းကိုပဲကြည့်ရပါတယ်။ အရိုးသားဆုံးပြောရရင် ဒါ ကျနော့်ဘဝမှာ ပထမဆုံး ကြုံဖူးတာပါ။ ကျနော်လည်း နည်းပြအတွေ့အကြုံတော်တော်လေးရှိပါတယ် ဘောလုံးလောကမှာ”

“ဒါပေမယ့် ဒီလိုဆုံးဖြတ်ချက်မျိုးတော့ အခုမှ မြင်ဖူးတာဖြစ်ပြီး တော်တော်လေးကို ထူးဆန်းတဲ့ဖြစ်ရပ်ပါ။ ဘာလို့လဲဆိုတော့ ဘာမဆိုဖြစ်သွားနိုင်တဲ့ပုံစံမျိုးဖြစ်နေလို့လေ” လို့ ပြောကြားသွားခဲ့ပါတယ်။ စပါးဟာ တကျော့ပြန် ကိုဗစ် ကူးစက်မှုကို အစောဆုံးနဲ့ အဆိုးဆုံး ခံစားခဲ့ရတဲ့ အသင်းတသင်းပါ။

စပါးအနေနဲ့ ယူရိုပါကွန်ဖရင့်လိဂ် အုပ်စုနောက်ဆုံးပွဲကို ကိုဗစ်ပြဿနာကြောင့် ပြန်မကစားနိုင်ခဲ့ဘဲ ပြိုင်ဘက်ကို အရှုံးပေးခဲ့ရကာ ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။