နောက်တခါလူစားမလဲတော့ဘူး စိတ်မဆိုးနဲ့နော် ဆိုပြီး ရော်နယ်ဒို ကို ပြန်ချော့နေတဲ့ ရက်ဂ်နစ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီမနက်က ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရန်ဖိုဒ့် အသင်းနဲ့ ကစားခဲ့ရာမှာ (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အတွက် ဂိုးတွေကို အီလန်ဂါ၊ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖိုဒ့် တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘရန်ဖိုဒ့် အသင်းဟာ ပထမပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးပေါက်ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂိုးသမား ဒီဂီယာ လက်စွမ်းပြခဲ့လို့ ဂိုးမရခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ခြေစွမ်းကောင်းတွေ ပြသခဲ့တာကြောင့် အခုလို ဂိုးတွေရခဲ့တာပါ။

ဘရူနိုဖာနန်ဒက်စ်နဲ့ ဖရက်ဒ် တို့က ဂိုးဖန်တီးပေးခဲ့တာဖြစ်ပြီး အကယ်ဒမီထွက် ကစားသမားတွေက အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂)ဂိုးပြတ်နဲ့ အနိုင်ရနေတဲ့ အချိန်မှာ ရက်ဂ်နစ် ဟာ ရော်နယ်ဒို ကို ထုတ်ပြီး မက်ဂွဲယား ကို ထည့်သွင်းခဲ့တာပါ။

ရော်နယ်ဒို ဟာ လူစားလဲခံရချိန်မှာ ပါးစပ်ကနေ တတွတ်တွတ်ပြောပြီး ကွင်းထဲကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ ရက်ဂ်နစ် ကိုတောင် ကောင်းမွန်စွာ မနှုတ်ဆက်ခဲ့ပဲ အရန်ခုံတန်းပေါ်မှာ ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

နည်းပြ ရက်ဂ်နစ် ကလည်း ရော်နယ်ဒို ကို လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး အကြောင်းစုံ ပြန်လည်ရှင်းပြခဲ့တာကြောင့် ကစားသမားဟာ ပြန်အဆင်ပြေသွားခဲ့တာပါ။မန်ချက်စတာယူနိုက်တက် အသင်းဟာ မက်ဂွဲယား ကို ထည့်ပြီး ခံစစ်ပိုင်း ပိုကောင်းအောင်လုပ်ခဲ့ပေမယ့် တဂိုးတော့ ပြန်ပေးခဲ့ရပါတယ်။

ရော်နယ်ဒို ဟာ ပွဲချိန်အပြည့် ကစားချင်သလို သွင်းဂိုးတွေလည်း ရယူချင်တာကြောင့် သူ့ကို လူစားလဲတဲ့ အချိန်နဲ့ အသင်း ရလဒ်တွေဆိုးရွားတဲ့ အချိန်မှာ စိတ်ပျက်စရာအမူအယာတွေ မကြာခဏဆိုသလို ပြတက်တာလည်းဖြစ်ပါတယ်။

ဘရန်ဖိုဒ့် ကို အနိုင်ရခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်(၂)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တာကို အဆုံးသတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။