မန်ယူ ကံကောင်းလို့နိုင်သွားတယ်လို့ ဘရန့်ဖို့ဒ်နည်းပြ ခပ်တည်တည်ပဲပြောသွား

ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က သူတို့အနေနဲ့ ယူနိုက်တက်ကို ပထမပိုင်းမှာ ကောင်းကောင်းဖျက်ဆီးနိုင်ခဲ့ပြီး ဒီဂီယာ လက်စွမ်းပြနိုင်ခဲ့တာကြောင့်သာ အခုလိုမျိုး ရှုံးနိမ့်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။

မနေ့ညက ဘရန့်ဖို့ဒ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ယူနိုက်တက်က ဒုတိယပိုင်းမှာရရှိခဲ့တဲ့ အီလန်ဂါ၊ ဂရင်းဝုဒ်၊ ရပ်ရှ်ဖို့ဒ်တို့ရဲ့ဂိုးတွေနဲ့အတူ ၁-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ဘရန့်ဖို့ဒ်က တော်တော်လေးကို အခွင့်အရေးတွေရရှိခဲ့ပြီး ဂိုးရနိုင်တဲ့ သေချာပေါက် အလုံးတွေကို ဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့်သာ ယူနိုက်တက်တို့ သက်သာရာရခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ လိုအပ်နေတဲ့ဂိုးတွေ ရရှိခဲ့ပြီး ဘရန့်ဖို့ဒ်က တိုနေးရဲ့ နောက်ကျ ချေပဂိုးတဂိုးသာ ရရှိခဲ့ပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်က “အံ့အားသင့်စရာ ကောင်းအောင် စွမ်းဆောင်ခဲ့တဲ့ ကျနော့်အသင်းအတွက် ဂုဏ်ယူပါတယ်”

“ကျနော်တို့က ပရီးမီးယားလိဂ်မှာ အသေးငယ်ဆုံး အသင်းတသင်းဖြစ်ပြီး ယူနိုက်တက်ကတော့ အကြီးမားဆုံး အသင်းတသင်းပါ။ ပထမပိုင်းမှာ ကျနော်တို့က သူတို့ကို ဖျက်ဆီးနိုင်ခဲ့ပြီး ပွဲကို အနိုင်ပိုင်းနိုင်တဲ့ အပိုင် အခွင့်အရေးတွေရခဲ့ပါတယ်”

“ယူနိုက်တက်က တော်တော်လေး ကံကောင်းခဲ့တာပါ။ စွန့်စားမှုတွေ အများကြီးရှိခဲ့တာကို ကျနော် သိပါတယ်။ သူတို့က ဘရန့်ဖို့ဒ်လို အသင်းငယ်လေးကို ကစားဖို့ စနစ်တွေ ပြောင်းလဲခဲ့ရပါတယ်။ ကျနော်တို့ရဲ့ ပြင်းအား၊ ပေါက်ကွဲအားက ပထမပိုင်းမှာ ယူနိုက်တက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ကျနော်တို့ ဘာဆိုတာကို ပြသခဲ့ပါတယ်”

“သုံးဂိုးပေးလိုက်ရတဲ့အထဲမှာ ဒုတိယဂိုးက စိတ်ပျက်စရာ အကောင်းဆုံးဖြစ်ခဲ့ပြီး ပြန်လာနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ပထမပိုင်းမှာ ကျနော်တို့ သူတို့ကို ဖျက်ဆီးခဲ့ပုံကတော့ တကယ်ကို အံ့အားသင့်စရာဖြစ်ပြီး ကျနော့်အသင်းအတွက် ကျနော် ဂုဏ်ယူပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။