ရူးလောက်စရာ ဒရမ်မာပြဇာတ်မျိုးကို ကွင်းထဲမှာ ပြသသွားတဲ့ စပါးနဲ့ ဘာ့ချ်ဝင်း

မနေ့က ကစားခဲ့တဲ့ လက်စတာနဲ့စပါးပွဲစဥ်မှာ ပွဲကစားချိန် မိနစ် (၉၀) ပြည့်တဲ့အထိ လက်စတာက နှစ်ဂိုးတဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လက်စတာက ဒါကာ၊ စပါးက ဟာရီကိန်းတို့ရဲ့ ဂိုးတွေနဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း (၇၅) မိနစ်မှာ မက်ဒီဆန်က လက်စတာအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပြီး လက်စတာတို့ပဲ အနိုင်ရတော့မယ်လို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၇၉) မိနစ်မှ စပါးအတွက် လူစားဝင်လာတဲ့ ဘာ့ချ်ဝင်းက အရာအားလုံးကို အံ့အားသင့်ဖွယ် ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွေရဲ့ စက္ကန့် (၈၀) အတွင်းမှာပဲ ဘာ့ချ်ဝင်းက စပါးအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပြီး အဝေးကွင်းမှာ စပါးတို့ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာ့ချ်ဝင်းဟာ လူစားဝင်လာပြီး မကြာခင်မှာပဲ အဝါကတ်ပြသခံခဲ့ရပါသေးတယ်။

ဒါပေမယ့် အခုလိုပဲ အံ့အားသင့်ဖွယ် နိုင်ပွဲအတွက် ဘာ့ချ်ဝင်းရဲ့ သွင်းဂိုးတွေက အဓိကကျခဲ့ပြီး ကွန်တီလက်ထက် ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို စပါးတို့ ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

စပါးဟာ ဒီနိုင်ပွဲကြောင့် မြို့ခံပြိုင်ဘက် အာဆင်နယ်ရဲ့ အပေါ်ကို တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း တမှတ်အကွာအနေအထားကို ရောက်ရှိလာခဲ့ပါတယ်။

ဘာ့ချ်ဝင်းဟာ လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ စပါးကနေ ထွက်ခွာဖို့ သတင်းပြေးနေတဲ့ ကစားသမားဖြစ်ပြီး အေဂျက်စ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။