အုပ်စုဖွဲ့မုဒိမ်းမှု ကျူးလွန်တာကြောင့် ထောင်ဒဏ်နှစ်နဲ့ချီ ကျခံရတော့မယ့် ရော်ဘင်ဟို

မန်စီးတီးနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ကစားသမားဟောင်း ရော်ဘင်ဟိုဟာ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်တဲ့နေရာမှာ ပါဝင်ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ဒဏ် (၉) နှစ် ကျခံရတော့မယ်လို့ သိရှိရပါတယ်။

ရော်ဘင်ဟိုကို အီတလီမှာရှိတဲ့ တရားရုံးက နောက်ဆုံး အမိန့် ချမှတ်ခဲ့တာဖြစ်ပြီး ဒီအမှုအတွက် အယူခံဝင်ရင်တောင် ရှုံးနိမ့်နိုင်ခြေများတယ်လို့ ယူဆထားကြပါတယ်။

ရော်ဘင်ဟိုဟာ (၂၀၁၃) က မီလန်မြို့မှာ အမျိုးသမီးတယောက်ကို အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်ခဲ့တာကြောင့် ပြီးခဲ့တဲ့ (၂၀၁၇) မှာ စွဲချက်တင်ခံခဲ့ရတာပါ။

ရော်ဘင်ဟိုအပြင် နောက်ထပ် ဘရာဇီးသား (၅) ယောက်က နစ်နာသူ အယ်လ်ဘေးနီးယားအမျိုးသမီးကို မီလန်မှာရှိတဲ့ နိုက်ကလပ်အတွင်း အခုလို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

မုဒိမ်းမှုကျူးလွန်ခံရတဲ့အမျိုးသမီးဟာ အဲ့ဒီအချိန်က အသက် (၂၂) နှစ်သာရှိသေးပြီး ရော်ဘင်ဟိုကတော့ ဒီအမှုနဲ့ ပတ်သက်လို့ သူ့မှာ အပြစ်မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် အီတလီနိုင်ငံ၊ ရောမမှာရှိတဲ့ တရားရုံးကတော့ ရော်ဘင်ဟိုကို အခုလိုပဲ အမိန့်ချမှတ်လိုက်ပါပြီ။

ရော်ဘင်ဟိုဟာ လက်ရှိအချိန်မှာ မွေးရပ်မြေ ဘရာဇီးနိုင်ငံမှာသာ နေထိုင်နေပြီး အီတလီမှာ ထောင်ဒဏ် ကျခံလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် အီတလီဘက်က ဘရာဇီးဘက်ကို တောင်းဆိုပြီး သူ့ရဲ့ ပြစ်ဒဏ်ကို ဘရာဇီးနိုင်ငံမှာသာ ကျခံခွင့်ရှိနိုင်ကြောင်းလည်း သိရှိရပါတယ်။