သွားနဲ့ပြေးကိုက်ပြီး လက်သည်းနဲ့ကုတ်ဖို့ပဲ ကျန်တော့တယ်လို့ လန်ဒန်ဒါဘီရွှေ့ခိုင်းတဲ့အပေါ် အာတီတာပြော

အာဆင်နယ် နည်းပြ အာတီတာက ပြီးခဲ့တဲ့ တနင်္ဂနွေက ကစားဖို့ စီစဥ်ထားတဲ့ စပါးနဲ့ မြောက်လန်ဒန်ဒါဘီပွဲစဥ်ကို  အာဆင်နယ်တို့ ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့ရတဲ့အပေါ် ကာကွယ်ပြောကြားလိုက်ပါတယ်။

အဲ့ဒီပွဲမတိုင်ခင်မှာ အာဆင်နယ်က လီဗာပူးနဲ့ ကာရာဘောင်ဖလားပွဲကစားရင်း ကွင်းလယ်လူ ချာကာ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရသလို ကိုဗစ်ပြဿနာ၊ ဒဏ်ရာပြဿနာနဲ့ အာဖရိကဖလားကို ကစားသမားတွေ စေလွှတ်ထားရတာတွေနဲ့ အကြောင်းပြပြီး စပါးနဲ့ပွဲကို ရွှေ့ဆိုင်းဖို့ တောင်းဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်ဘက်က အာဆင်နယ်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တဲ့နောက် စပါးဘက်က ကြေညာချက်ထုတ် ကန့်ကွက်ခဲ့သလို ဂယ်ရီနဗီးလ်၊ ကာရေဂါတို့ကလည်း အာဆင်နယ်ကို လှောင်ပြောင်ခဲ့ကြပါတယ်။ ဒါ့အပြင် စပါး နည်းပြ ကွန်တီကလည်း သူ့ရဲ့ နည်းပြဘဝတလျှောက် ဒါမျိုး ဆုံးဖြတ်ချက်ကို ပထမဆုံး မြင်ဖူးတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဒီအပေါ်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက “အမှန်တကယ် မဖြစ်တဲ့ အရာတွေကို လိမ်ညာပြပြီး ကျနော်တို့ နာမည်ကို အထိခိုက်ခံမှာ မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ့်အသင်းအတွက် သွားနဲ့လက်သည်းပဲကျန်ရင်တောင် သေချာပေါက် ကာကွယ်မှာပါ”

“ဘာလို့လဲဆိုတော့ ကျနော်တို့ မှန်တယ်ဆိုတာကို ကျနော်တို့ပဲ သိလို့ပါ။ ပရီးမီးယားလိဂ်လို အဆင့်အတန်းပွဲတပွဲကို ကစားဖို့ သင့်တော်တဲ့ ကစားသမား ကျနော်တို့ဆီမှာ မရှိတော့ပါဘူး။ ဒါကို ရာနှုန်းပြည့် ကျနော် ပြောရဲပါတယ်”

“ရာသီအစသုံးပွဲမှာ ကစားသမားအများအပြား မပါနိုင်ဘဲ ကစားခဲ့ရတုန်းက ကျနော်တို့ ကောင်းကောင်းခံလိုက်ရဖူးပါတယ်” လို့ တုံ့ပြန်သွားခဲ့တာပဲဖြစ်ပါတယ်။