လူစုံတက်စုံပါဝင်တဲ့ အာဆင်နယ် ကို အနိုင်ရပြီး ကာရာဘောင်း ဗိုလ်လုပွဲတက်တဲ့ လီဗာပူးလ်

အာဆင်နယ် နဲ့ လီဗာပူးလ် အသင်းတို့ဟာ ဒီမနက်က ကာရာဘောင်းဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ကစားခဲ့ရာ လီဗာပူးလ် အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

လီဗာပူးလ် အတွက် (၂)ဂိုးလုံးကို ဂျိုတာ က သွင်းယူခဲ့ဝာာဖြစ်ပါတယ်။ပထမအကျော့က ဂိုးမရှိသရေကျခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ် (၂)ဂိုး-ဂိုးမရှိနဲ့ လီဗာပူးလ် အသင်းအနိုင်ရပြီး ကာရာဘောင်းဖလား ဗိုလ်လုပွဲတက်နိုင်ခဲ့တာပါ။

အာဆင်နယ် အသင်းဟာ ဒီပွဲမှာ တောင့်တင်းတဲ့ ပွဲထွက်လူစာရင်းကို အသုံးပြုခဲ့တာဖြစ်ပြီး အာဖရိက ဖလားကနေ ပြန်လာတဲ့ ပါတေးဟာ ဒုတိယပိုင်းမှာ ပါဝင်ကစားခဲ့ပေမယ့် (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဆာလတ်နဲ့ မာနေး တို့ မပါဝင်နိုင်တဲ့ လီဗာပူးလ် အသင်းကတော့ ဂျိုတာ၊ဖာမီနိုနဲ့ လူငယ် ကစားသမား ဂေါ်ဒွန် တို့ကို တိုက်စစ်မှာ ပွဲထွက်စေခဲ့တာပါ။ဂျိုတာ ဟာ ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြသွားနိုင်ခဲ့ပြီး အသင်းကို ဗိုလ်လုပွဲတက်စေမယ့် (၂)ဂိုးလုံးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် နည်းပြ ကလောပ့်ကတော့ ဂျိုတာ ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ကလောပ့် က “ကျွန်တော်တို့ဟာ အံအားသင့်ဖွယ်ကောင်းတဲ့ ဂိုး(၂)ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ဂျိုတာ ဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။သူဟာ ဒီကို ရောက်တည်းက နောက်ထပ်ခြေလှမ်းတခုကို လှမ်းပြီး ကမ္ဘာ့အဆင့်မှီ တိုက်စစ်မှူးဖြစ်လာခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လီဗာပူးလ် အသင်းဟာ ဗိုလ်လုပွဲအဖြစ် စပါး အသင်းကို အနိုင်ရခဲ့တဲ့ ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲကို ဖေဖော်ဝါရီ (၂၇)ရက် ဝင်ဘာလေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

လီ‌ဗာပူးလ် အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပဲလေ့စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အာဆင်နယ် အသင်းကတော့ ဘန်လေ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။