မနက်က ကင်မရွန်းမှာ၊ ညနေကျ လန်ဒန်ပြန်ရောက်လာပြီး အနီကတ်ပါထိသွားတဲ့ ပါတေးရဲ့ဘဝ

အာဆင်နယ် ကွင်းလယ်လူ ပါတေးအတွက်ကတော့ (၂၄) နာရီအတွင်းမှာပဲ မတူညီတဲ့ အပြောင်းအလဲ အကြီးကြီးတွေကို ရင်ဆိုင်လိုက်ရတယ်လို့ မီဒီယာတွေက ကျယ်ကျယ် ပြန်ပြန့် ဖော်ပြနေကြပါတယ်။

ပါတေးဟာ ကြာသပတေးနေ့ မနက်ခင်းပိုင်းအထိ ကင်မရွန်းမှာသာရှိနေခဲ့ပြီး သူ့ရဲ့ ဂါနာလက်ရွေးစင်က အာဖရိကဖလားမှာ အုပ်စုက ထွက်ခဲ့ရတာကြောင့် အာဆင်နယ်နဲ့ စောစောစီးစီး ပြန်လည် ပူးပေါင်းခွင့်ရရှိခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း မနေ့က နေ့လယ်မှာ ပါတေးတယောက် အင်္ဂလန်မြေကို ပြန်လည် ရောက်ရှိလာခဲ့ပြီး အာဆင်နယ်နဲ့လီဗာပူးတို့ရဲ့ ကာရာဘောင်ဖလားပွဲမှာ အရံ ကစားသမားစာရင်း အဖြစ် ပါဝင်လာခဲ့ပါတယ်။

ပွဲကစားချိန် (၇၄) မိနစ်မှာတော့ ပါတေးတယောက် လူစားဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ပွဲကစားချိန် မိနစ် (၉၀) မှာတင် နှစ်ဝါတနီနဲ့ အထုတ်ခံလိုက်ရပါတယ်။

ဒီပွဲမှာ အာဆင်နယ်ကလည်း လီဗာပူးကို ဂျိုတာရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ကာရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ပါတေးအတွက်ကတော့ တော်တော်လေးကို ထူးဆန်းတဲ့နေ့တနေ့ပါပဲ။

(၂၄) နာရီအတွင်းမှာပဲ နိုင်ငံနှစ်နိုင်ငံ၊ တိုက်ကြီးနှစ်ခု ကွာခြားခဲ့ပြီး ညပိုင်းမှာတော့ အနီကတ်ထိခဲ့ပြီး ကလပ်အသင်းကလည်း ရှုံးပွဲ ကြုံတွေ့ခဲ့ရတာပါ။ အာဆင်နယ်အနေနဲ့ ကွင်းလယ်ပိုင်း ပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အခု ပါတေး ပြန်လာလို့ ဝမ်းသာရမလား ရှိပေမယ့် ပါတေးကတော့ အနီကတ်နဲ့ အတူ ပြန်လာခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေအတွက်တော့ ရင်နာစရာဖြစ်ခဲ့ရပါပြီ။