ကမ္ဘာ့အထူးဆန်းဆုံး အဝါကတ်ကို ပြသခံလိုက်ရတဲ့ တိုနီကရူးစ်

မနေ့ညက ကစားခဲ့တဲ့ အယ်လ်ချီနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ကိုပါဒယ်ရေးဖလားပွဲစဥ်မှာ အချိန်ပိုပွဲကစားချိန်ကိုပါ မြင်တွေ့ခဲ့ရပြီး ရီးရဲယ်မက်ဒရစ်က အဝေးကွင်းမှာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲရဲ့ သာမန်ပွဲကစားချိန်မှာ ဂိုးမရှိသရေကျနေခဲ့ပြီး အချိန်ပို ဆက်လက် ကစားရာမှာတော့ အယ်လ်ချီက ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ်က အစ္စကို၊ ဟာဇက်တို့ရဲ့ဂိုးတွေနဲ့အတူ နောက်တဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကတော့ အငြင်းပွားစရာတွေရှိခဲ့ပြီး အထူးသဖြင့် တိုနီကရူးစ်ကို ပြသခဲ့တဲ့ အဝါကတ်က ကမ္ဘာ့အထူးဆန်းဆုံး အဝါကတ်ဖြစ်တယ်လို့ ပရိသတ်တွေက လှောင်ပြောင်နေပါတယ်။

ပွဲကစားချိန် (၇၇) မိနစ်မှာတော့ အယ်လ်ချီကွင်းဘက်ခြမ်းမှာ အယ်လ်ချီ တောင်ပံ ကစားသမား တီတီမိုရန်တေးကို တိုနီကရူးစ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်က အဝါကတ်ပါ ပြသခဲ့တာပါ။ ဒါပေမယ့် တကယ့်ဖြစ်ရပ်မှာတော့ တိုနီကရူးစ်အနေနဲ့ မိုရန်တေးကို လုံးဝမထိခဲ့ဘဲ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကတော့ တော်တော်လေးကို အံ့အားသင့်စရာ ကောင်းခဲ့ပါတယ်။

တိုနီကရူးစ်အနေနဲ့ သူ့ရဲ့အဝါကတ်အတွက် ဒိုင်လူကြီးကို အကြီးအကျယ် စောဒကတက်ခဲ့သလို အခြား ရီးရဲယ်မက်ဒရစ် ကစားသမားတွေကလည်း ဒီဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့ကြပါတယ်။

အထူးသဖြင့် ဒိုင်လူကြီးရှေ့တည့်တည့်မှာဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်အတွက် ဒီလောက်အထိ ဆိုးရွားတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ ဒိုင်ကိုတော့ ပရိသတ်တွေကလည်း ပွဲအပြီးမှာ အကြီးအကျယ် ဝေဖန်နေကြပါတယ်။