မန်ယူကို ခပ်ညံ့ညံ့အသင်းပိုင်ရှင်ရဲ့ အလယ်အလတ်တန်းစားအသင်းလို့ သွယ်ဝိုက်ပြောသွားတဲ့ မော်ရင်ဟို

ရိုးမား နည်းပြ မော်ရင်ဟိုက အဲဗာတန်ကို ကိုင်တွယ်ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ယူနိုက်တက်နဲ့ အဲဗာတန်ကို တတန်းတည်းထားပြီး ဝေဖန်သမုတ်သွားခဲ့ပါတယ်။

အဲဗာတန်ဟာ နော့ဝစ်ချ်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် နည်းပြ ဘင်နီတက်ဇ်ကို ရာထူးကို ထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်မှာ ရွန်းနီ၊ လမ်းပတ်၊ မော်ရင်ဟိုတို့နဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ လက်ရှိအချိန်ထိတော့ အဲဗာတန်တို့ အမြဲတမ်းနည်းပြသစ်ကို မခန့်အပ်ရသေးပါဘူး။

မော်ရင်ဟိုက အဲဗာတန်နည်းပြသစ်နေရာအတွက် ရေပန်းအစားဆုံး နေရာကို ရောက်ရှိလာခဲ့ပေမယ့် မီဒီယာတွေရဲ့ မေးမြန်းမှုအပေါ်မှာတော့ မော်ရင်ဟိုက သူ့ရဲ့ပုံစံအတိုင်း ပြောင်ပြောင်မြောက်မြောက် ဖြေဆိုသွားခဲ့ပါတယ်။ မော်ရင်ဟိုက “အဲဗာတန်ကို ကိုင်တွယ်ဖို့တဲ့လား”

“ကျနော့်အနေနဲ့ ခပ်ညံ့ညံ့ အသင်းပိုင်ရှင်တွေနဲ့ အလယ်အလတ်တန်းစား အသင်းတသင်းကို သွားမယ့်အတူတူ ယူနိုက်တက်ကိုပဲ ပြန်သွားလိုက်မှာပေါ့ဗျာ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ယူနိုက်တက်ကို ကိုင်တွယ်ခဲ့တုန်းက အသင်းတာဝန်ရှိသူတွေအပါအဝင် ကစားသမားတွေနဲ့ပါ ပြဿနာဖြစ်ပွားပြီး လမ်းခွဲခဲ့ရတာပါ။ ယူနိုက်တက် ပိုင်ရှင် ဂလေဇာမိသားစုကိုလည်း ပရိသတ်တွေက မကျေမချမ်းဖြစ်နေပြီး မကြာခဏဆိုသလို ဆန္ဒပြမှုတွေရှိနေပါတယ်။

မော်ရင်ဟိုဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ စပါးတို့နဲ့ အင်္ဂလန်မြေမှာ နည်းပြအတွေ့အကြုံရှိထားပြီး ဒီမတိုင်ခင်ကလည်း နယူးကာဆယ်ကို ကိုင်တွယ်ဖို့ သတင်းတွေ ထွက်ပေါ်ဖူးပါသေးတယ်။ ဒါပေမယ့် လတ်တလော အနေအထားအရ မော်ရင်ဟိုအနေနဲ့ ရိုးမားမှာသာ အနည်းဆုံး ဒီရာသီကုန်အထိ ဆက်နေဖွယ်ရှိပါတယ်။