အာဆင်နယ်ကိုလည်းအနိုင်ယူ၊ အာဆင်နယ်ဖန်တွေကြောက်အောင်လည်း ဖြဲခြောက်သွားသေးတဲ့ ကလော့ပ်

လီဗာပူး နည်းပြ ကလော့ပ်ဟာ မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအပြီးမှာ အာဆင်နယ် တိုက်စစ်ကစားသမား မာတီနယ်လီကို ချီးကျူး စကားပြောကြားလိုက်ပါတယ်။

ကလော့ပ်ရဲ့ ချီးကျူးစကား ပြောကြားမှုနဲ့အတူ အာဆင်နယ်ပရိသတ်တွေအတွက်လည်း မာတီနယ်လီအတွက် ရတက်မအေးရတော့ဘူးလို့ ပြောဆိုနေကြပါတယ်။ အာဆင်နယ် အိမ်ကွင်း အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ ဒီပွဲမှာ လီဗာပူးက ဂျိုတာရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ နိုင်ပွဲရရှိခဲ့ပါတယ်။

ပထမအကျော့ လီဗာပူး အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့ပြီး အခု ဒုတိယအကျော့မှာ အနိုင်ရရှိခဲ့တာကြောင့် လီဗာပူးတို့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါပြီ။

လီဗာပူးဟာ ဗိုလ်လုပွဲမှာတော့ တဖက်က စပါးကို အနိုင်ယူပြီး တက်လာတဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင် ကစားရမှာလည်းဖြစ်ပါတယ်။

အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်က “မာတီနယ်လီ… လူတိုင်း သူ့နာမည်ကို အမှတ်ရနေသင့်ပါတယ်။ သူက တကယ်ကို ထူးချွန်တဲ့ ကစားသမားပါ” လို့ မှတ်ချက်ပေးသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ အာဆင်နယ်ရဲ့ အခြားသော တောင်ပံ ကစားသမားလေး ဆာကာကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဆာကာအပြင် မာတီနယ်လီကလည်း အခု အာတီတာလက်ထက်မှာ အချိန်တိုအတွင်း တောက်ပလာတဲ့ ကစားသမားတွေဖြစ်ပြီး ကလော့ပ် အခြေတည်ထားတဲ့ လီဗာပူး ကစားကွက်နဲ့လည်း အံကိုက် ကစားသမားတွေဖြစ်တယ်လို့ အားလုံးက ယုံကြည်ထားပါတယ်။