လာမယ့်နှစ် ပွတ်စ်ကတ်ဆုရနိုင်မယ့် သွင်းဂိုးမျိုးကို သွင်းသွားတဲ့ ဆာဂျန့်

နောဝစ်ခ်ျ တိုက်စစ်ကစားသမား ဆာဂျန့်ကတော့ ဝက်ဖိုဒ့် ကို အနိုင်ရခဲ့တဲ့ အရေးကြီးတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက် အရေးပါတဲ့သွင်းဂိုးတွေအပြင် လှပတဲ့ သွင်းဂိုးတဂိုး ကိုလည်းသွင်းယူသွားခဲ့ပါတယ်။

ဒီပွဲမှာ နော်ဝစ်ခ်ျ အသင်းက အိမ်ရှင် ဝက်ဖိုဒ့် အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။နော်ဝစ်ခ်ျ အတွက် ဂိုးတွေကို ဆာဂျန့်က (၂)ဂိုးနဲ့ ကူကာ က (၁)ဂိုးသွင်းယူခဲ့တာပါ။ဒီပွဲမှာ ဝက်ဖိုဒ့် ကစားသမား ဒန်းနစ် လည်း (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီပွဲမှာ ဆာဂျန့် သွင်းခဲ့တဲ့ ပထမဂိုးက တွစ်တာပေါ်မှာ လူပြောများခဲ့တာဖြစ်ပါတယ်။ပွဲချိန်(၅၁)မိနစ်မှာ ပွတ်ကီ က ဝက်ဖိုဒ့် ကစားသမားကို ကျော်ဖြတ်ပြီး ဂိုးဧရိယာထဲမှာ အသင့်ရှိနေတဲ့ ဆာဂျန့်ကို ဘောလုံးခင်းပေးခဲ့တာပါ။

ဆာဂျန့်ကလည်း ပွတ်ကီ ပေးလိုက်တဲ့ နေရာကို ပြေးသွားခဲ့ပြီး ဘောလုံးကို နောက်ပေါက်နဲ့ ချိတ်ကာ ကင်းမြီးကောက်လိုပုံစံနဲ့ လှပတဲ့ သွင်းဂိုးကို ရယူသွားခဲ့တာဖြစ်ပါတယ်။ဒီဂိုးဟာ ဆာဂျန့် အတွက် ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

ပရိသတ်တွေဟာ ဆာဂျန့်ရဲ့သွင်းဂိုးအပေါ် တုံ့ပြန်ခဲ့ကြပြီး ဆာဂျန့်သွင်းယူခဲ့တာက ဂီရောဒ့်ရဲ့ကင်းမြီးကောက်ကန်နေတဲ့ပုံစံကို အမှတ်ရမိတယ်လို့ ရေးသားခဲ့ပါတယ်။နောက်ထပ်ပရိသတ်တဦးကလည်း ဒီရာသီအတွက် အကောင်းဆုံးဂိုးပါ။လာမယ့်နှစ်ရဲ့ပွတ်စ်ကတ်ဆုရှင်ပါလို့ ရေးသားခဲ့တာဖြစ်ပါတယ်။

နောဝစ်ခ်ျ အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကလည်း အဲဗာတန် အသင်းကို အနိုင်ရထားတာကြောင့် ပရီးမီးယားလိဂ်မှာ (၂)ပွဲဆက် အနိုင်ရပြီး တန်းဆင်းဇုန်အထက် အဆင့်(၁၇)နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဝက်ဖိုဒ့် အသင်းကတော့ ရလဒ်တွေဆိုးရွားနေပြီး တန်းဆင်းဇုန် အဆင့်(၁၈)ထဲကို ရောက်သွားတာကြောင့် တန်းဆင်းဇုန်တိုက်ပွဲဟာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီလည်းဖြစ်ပါတယ်။