ဘရန်ဖိုဒ့်နဲ့ ပွဲကစားနေချိန်မှာ အိမ်ဖောက်ထွင်းခံခဲ့ရတဲ့ လင်ဒီလောဖ့်

မန်ချက်စတာယူနိုက်တက် နောက်ခံလူ လင်ဒီလောဖ့် ဟာ ဘရန်ဖိုဒ့် နဲ့ ကစားနေချိန်အတွင်းမှာ သူ့အိမ်ကို ဖောက်ထွင်းခံလိုက်ရပါတယ်။ဒီလို စိတ်ထိခိုက်ဖို့ ကောင်းတဲ့ ဖောက်ထွင်းမှုကို ခံစားရပြီးနောက် ကစားသမားဟာ သူ့ရဲ့မိသားစုနဲ့ အတူ ဆွီဒင်ကို ပြန်သွားခဲ့တာပါ။

လင်ဒီလောဖ့်ရဲ့ဇနီးသည်က သူတို့အိမ်ကို ကျုးကျော်ပြီး ဝင်ရောက်လာတဲ့သူတွေရဲ့ရန်ကနေ ကာကွယ်ဖို့ အတွက် သူနဲ့ကလေးတွေဟာ လုံခြုံတဲ့အခန်းမှာ သော့ခတ်ပြီးနေခဲ့ရတယ်လို့ ဆိုထားပါတယ်။ထိခိုက်မှုမရှိခဲ့ပေမယ့် ဒီဖြစ်ရပ်ကြောင့် ထိတ်လန့်သွားခဲ့တယ်လို့ ပြောထားတာပါ။

အဲဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းက လင်ဒီလောဖ့် ကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ဆွီဒင် ကစားသမားဟာ ဝက်စ်ဟမ်းနဲ့ ဒီနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။

မန်ချက်စတာယူနိုက်တက် အသင်းကလည်း လင်ဒီလောဖ့် ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို သိရှိကြောင်း အတည်ပြုထားတာပါ။ယာယီနည်းပြ ရက်ဂ်နစ် က လင်ဒီလောဖ့် ဟာ ဝက်စ်ဟမ်းနဲ့ ပွဲကို ပါဝင်နိုင်မှာမဟုတ်ဘဲ မိဟားစုနဲ့ အတူ အပြည့်အဝ ပံ့ပိုးပေးနေတယ်လို့ ပြောခဲ့ပါတယ်။

ရက်ဂ်နစ် က “လန်ဒန်ကနေ အိမ်ပြန်ပြီး ဒီမနက်မှာလည်း သူနဲ့ စကားတွေအကြာကြီးပြောဖြစ်ခဲ့ပါတယ်။မိနစ်(၂၀)နဲ့ (၂၅)မိနစ်လောက်ကြာပါတယ်။သူ့မိန်းမနဲ့(၃)နှစ်အရွယ်ရှိ သားအတွက် စိတ်ထိခိုက်စရာကောင်းတဲ့အဖြစ်အပျက်တခုလို့ သူပြောခဲ့ပါတယ်”

“အခုအချိန်မှာ အိမ်မှာနေဖို့ သူလိုပါတယ်။သူ့မိန်းမနဲ့ မိသားစုကို တယောက်တည်းမထားခဲ့ချင်ပါဘူး။ကျွန်တော်လည်း ကလေး၂ယောက်အဖေဖြစ်တဲ့အတွက် ဒါကို အပြည့်အဝနားလည်နိုင်ပါတယ်။ဒီနေ့ပွဲမှာ သူမပါဝင်နိုင်ဘူးဆိုတာကို ကျွန်တော်တို့ သဘောတူထားပါတယ်”လို့ ဆိုခဲ့ပါတယ်။

မကြာသေးခင်ကလည်း မန်စီးတီး နောက်ခံလူ ကန်ဆယ်လို အိမ်ကိုလည်း ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားကိုပါ ထိုးကြိတ်ခဲ့သေးတာဖြစ်တယ်လို့ သိရပါတယ်။