အခန့်မသင့်ရင် အသင်းပါဖျက်သိမ်းခံရနိုင်ပေမယ့် ဒါဘီကိုမထားသွားဘူးဆိုတဲ့ ရွန်းနီ

အဲဗာတန်ကို ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒါဘီနည်းပြ ရွန်းနီကတော့ ငြင်းဆန် ပြောကြားသွားခဲ့ပါတယ်။ အဲဗာတန်ဟာ နည်းပြသစ်ရှာဖွေနေတာဖြစ်ပြီး သူတို့ရဲ့ ကစားသမားဟောင်း ရွန်းနီနဲ့ သတင်းတွေထွက်ပေါ်နေတာပါ။

အဲဗာတန်အနေနဲ့ ရွန်းနီအပြင် လမ်းပတ်နဲ့ အခြားသော နည်းပြတွေကိုလည်း စောင့်ကြည့်နေပြီး ရွန်းနီကတော့ အဲဗာတန်ဆီက ချဥ်းကပ်မှုတစုံတရာမရဘူးလို့ ပြောကြားလာပါတယ်။

ရွန်းနီ လက်ရှိ ကိုင်တွယ်နေတဲ့ ဒါဘီကလည်း အခက်အခဲတွေ အကြား ရုန်းကန်နေရပြီး အသင်းပိုင်ရှင် အသစ် မရှာဖွေနိုင်ရင် အသင်း ဖျက်သိမ်းရနိုင်ခြေရှိပါတယ်။

ဒါဘီဟာ ဘဏ္ဍာရေးပြဿနာတွေ၊ အသင်းပိုင်ဆိုင်မှုပိုင်းပြဿနာတွေကြောင့် (၂၁) မှတ်အထိ လျှော့ခံရပြီး လိဂ်ချန်ပီယံရှစ်ရဲ့ တန်းဆင်းဇုန်ထဲ ရောက်ရှိနေပါတယ်။

ဒါပေမယ့် ရွန်းနီက အမှတ်ပေးဇယား အောက်ဆုံးက ဒါဘီကို အကောင်းဆုံး ဦးဆောင် ထိန်းကျောင်းနေပြီး အသင်းက အမှတ်ပေးဇယား အောက်ခြေကနေ တဆင့် တက်လာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ရွန်းနီက “ကျနော်လည်း ခင်ဗျားတို့ ပြောတဲ့သတင်းတွေကို ဆိုရှယ်မီဒီယာတွေ၊ သတင်းစာတွေမှာ တွေ့ပါတယ်။ အဲဗာတန်က ကျနော် ကြီးပြင်းလာခဲ့တဲ့ အသင်းဖြစ်ပြီး အားပေးရတဲ့ အသင်းတသင်းပါ”

“ဒါပေမယ့် အဲဗာတန်က ကျနော့်ကို ဆက်သွယ်ဖို့ တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ ဒီအခြေအနေတွေကို ပြောရတာ ခက်ခဲပါတယ်။ ကျနော်ကတော့ ဒါဘီအတွက်ပဲ အပြည့်အဝ အာရုံစိုက်ထားပြီး အနီးစပ်ဆုံး ကစားရမယ့်ပွဲအတွက်ပဲ ပြင်ဆင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။