လူကာကူကိစ္စရှင်းရတာနဲ့ မလုံလောက်လို့ နောက်ထပ်ပြဿနာမီးစကို ထပ်ခေါ်ဖို့ စကားဟနေတဲ့ တူဟယ်လ်

ချဲလ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က သူနဲ့ ဒေါ့မွန်မှာ လက်တွဲခဲ့ဖူးတဲ့ တပည့်ဟောင်း အူစမန်နီ ဒမ်ဘီလီနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာပါတယ်။ ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့သွားပြီးနောက် လက်ရှိအချိန်မှာတော့ ပြဿနာတွေ ဖြစ်ပွားနေပါတယ်။

စာချုပ်သစ်အတွက် လစာမတန်တဆ တောင်းဆိုနေတဲ့ ဒမ်ဘီလီကို ဘာစီလိုနာက အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်ပြီး ဒီလမကုန်ခင်မှာတင် ရောင်းချသွားမယ်လို့ ပြောထားတာပါ။ ဒီလိုမျိုး ဒမ်ဘီလီရဲ့ အနေအထားနဲ့ ပတ်သက်လို့ တူဟယ်လ်က အခုလိုပဲ ပြောကြားလာပါတယ်။

တူဟယ်လ်က “ဒမ်ဘီလီက အရမ်းကောင်းတဲ့ ကစားသမားဖြစ်ပြီး ထိပ်တန်းအဆင့်ရှိပါတယ်။ သူ့ကို ဒေါ့မွန်မှာ နည်းပြခွင့်ရတာက အရမ်းကံကောင်းခဲ့ပါတယ်။  ဒါပေမယ့် တနှစ်တည်းပါပဲ။ အဲ့ဒီထက် ပိုကြာခဲ့သင့်ပါတယ်”

“ဒါပေမယ့် ကျနော် အသင်းက ထွက်ခွာဖို့ လိုအပ်ခဲ့ပြီး ထွက်ခွာဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တည်းက ကျနော်တို့ အဆက်အသွယ် သိပ်မလုပ်ဖြစ်ပါဘူး။ သူပြင်သစ်လက်ရွေးစင်နဲ့အတူ ပဲရစ်မြို့ကို ရောက်လာတုန်းကတော့ ကျနော်တို့ တွေ့ဖြစ်ပါတယ်”

“သူက အခု ခက်ခဲတဲ့ အနေအထားကို ရောက်နေပြီး ဘယ်လိုဖြစ်သွားလဲဆိုတာ ကျနော်လည်း မသိပါဘူး။ အသေးစိတ်ကိုလည်း ကျနော် မပြောနိုင်ပါဘူး။ ဒါမျိုးက ကျနော့် ကစားသမားအကြောင်းဆိုရင် ကျနော် ဘယ်လိုဖြစ်ရလဲ သိမှာပါ။ အခုတော့ မပြောတာ ကောင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ချဲလ်ဆီးဟာ ဒမ်ဘီလီကို အပြီးသတ်မခေါ်ယူချင်တောင် (၆) လ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိနိုင်တယ်လို့ သိရပြီး ချဲလ်ဆီးသာ ဆုံးဖြတ်လိုက်ရင်တော့ ဒမ်ဘီလီကို ခေါ်ယူနိုင်မှာ သေချာပါတယ်။