လူငယ်ကစားသမားလေးကို မင်းတောင်းပန်လိုက်စမ်းလို့ အပြောခံလိုက်ရတဲ့ ရော်နယ်ဒို

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ အသင်းဖော် အီလန်ဂါကို တောင်းပန်ဖို့ ပေါလ်မာဆင်က ပြောကြားလိုက်ပါတယ်။ ဘရန့်ဖို့ဒ်ကို ယူနိုက်တက်တို့ အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲက ဖြစ်ရပ်တွေနဲ့ ပတ်သက်လို့ ပေါလ်မာဆင်က ပြောကြားလိုက်တာဖြစ်ပါတယ်။

အီလန်ဂါဟာ အဲ့ဒီပွဲမှာ ခြေစွမ်းပြ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရော်နယ်ဒိုကို ရန်းနစ်ဂ်က လူစားလဲလို့ ရော်နယ်ဒို မကြည်မလင်ဖြစ်တာကပဲ သတင်းတွေမှာ နေရာယူခဲ့ပြီး ဒီအတွက် အီလန်ဂါကို တောင်းပန်ရမယ်လို့ ရော်နယ်ဒိုကို ပြောလိုက်တာပါ။

ပေါလ်မာဆင်က “ရော်နယ်ဒိုအနေနဲ့ အီလန်ဂါကို အကြီးကြီး တောင်းပန်ဖို့ အကြွေးတင်သွားပါပြီ။ သူ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လုပ်ခဲ့တာက လူငယ်ကစားသမားလေးရဲ့ နေ့ထူးနေ့မြတ်ကို ပျက်စီးစေခဲ့ပါတယ်။ တော်တော် ကလေးဆန်တဲ့လူပါ”

“အီလန်ဂါက သနားစရာ ကောင်းပါတယ်။ သူက ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး ပွဲဦးထွက်မှာ ဂိုးသွင်းနိုင်ခဲ့တာပါ။ (တကယ်တမ်းမှာ ပထမဆုံး ပွဲဦးထွက်မဟုတ်) ဒါပေမယ့် ရော်နယ်ဒိုက လူစားလဲခံလိုက်ရပြီး ဒီလိုတွေဖြစ်ကုန်ပါတယ်”

“ကျနော်သာဆိုရင်တော့ မင်း ဒီကောင်လေး ဂိုးသွင်းသွားတာကိုတောင် မသိလိုက်ဘူးမဟုတ်လား လို့ မေးမှာပါ။ အီလန်ဂါက သတင်းခေါင်းစီးတွေမှာ နေရာမရတော့တာက တကယ်ကို မယုံကြည်နိုင်စရာပါပဲ။ ရော်နယ်ဒိုက ဒီကစားသမားလေးအတွက် တကယ်ကို လောင်းရိပ်အကြီးကြီးဖြစ်နေခဲ့ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။

အီလန်ဂါဟာ ရန်းနစ်ဂ် မရောက်လာခင်က အသင်းကနေ အငှားနဲ့ထွက်ကစားဖို့ နီးစပ်ခဲ့ပေမယ့် ရန်းနစ်ဂ်က အီလန်ဂါကို အသင်းမှာ ဆက်ထိန်းထားခဲ့ပြီး အခုဆိုရင် ပုံမှန်ပွဲထွက်ခွင့်အတွက်ပါ တိုက်ပွဲဝင်နေပြီဖြစ်ပါတယ်။