ဂျီအိုဂျီနာ ကို ရင်ခုန်ခဲ့တဲ့ အခိုက်အတန့်ကို ဖွင့်ဟ ပြောပြလာတဲ့ ရော်နယ်ဒို

ရော်နယ်ဒို ကတော့ သူ့ရဲ့ လက်တွဲဖော် ချစ်သူဖြစ်တဲ့ ဂျီအိုဂျီနာ နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပြီး ချစ်ကြိုက်မိသွားတဲ့ အခိုက်အတန့်ကို ပြောပြလာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ရော်နယ်ဒို ဟာ Gucci စတိုးမှာ အရောင်းလက်ထောက်အဖြစ် လုပ်ကိုင်နေတဲ့ ဂျီအိုဂျီနာ နဲ့ တွေ့ခဲ့တာဖြစ်ပါတယ်။

သူတို့(၂)ဦးဟာ (၂၀၁၆)မှာ စတင်ချိန်းတွေ့ခဲ့တာဖြစ်ပြီး ခရစ်စတီယာနို ဂျုနီယာအပါအ၀င် သူတို့အတွဲမှာ သားသမီး(၄)ဦးအထိရှိခဲ့တာဖြစ်ပါတယ်။သူတို့(၂)ဦးဟာ အခုနှစ်ထဲမှာ အမြွှာ(၂)ဦးမွေးဖွားမှာဖြစ်တာကြောင့် သားသမီး(၆)ဦးအထိ ရှိလာတော့မှာပါ။

မကြာခင်မှာ ထွက်လာမယ့် Netflix ရဲ့ မှတ်တမ်းရုပ်ရှင်မှာတော့ ရော်နယ်ဒို က “သူမ အလုပ်လုပ်နေတဲ့ အ၀တ်အစား ကုမ္ပဏီ အပြင်ဘက်ကနေ ဖြတ်သွားတဲ့ အချိန် ကျွန်တော့်ရဲ့ ခေါင်းထဲမှာ သူမရောက်ရှိသွား ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီး သူမကို ချစ်မိသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဂျီအိုဂျီနာ က “ခရစတီယာနို နဲ့တွေ့တဲ့နေ့က အလုပ်သွားခဲ့တာပါ။Gucci ကိုရောက်ပြီး စတိုးဆိုင်က ပြန်ထွက်ချိန်မှာ အလွန်ချောမောလှပတဲ့ အမျိုးသားတဦးပေါ်လာတာကို ကျွန်မတွေ့လိုက်ရပါတယ်။ ရပ်တန့်လိုက်မိပြီး ရင်ဘတ်ထဲမှာ ကလိကလိနဲ့ ခံစားလာခဲ့ရလို့ ဘာဖြစ်နေတာလဲဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးမိလိုက်ပါတယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းကတော့ ရလဒ်တွေ ဆိုးရွားနေခဲ့တာပါ။ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၇)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့အတွက် အဆင့်(၄)နေရာအတွင်း ရပ်တည်နိုင်ဖို့ ကြိုးစားနေရတာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ၀က်စ်ဟမ်း ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။