ဒီတသက် ရော်နယ်ဒိုဆီကို လူပေးကစားဖြစ်ဦးမှာလားလို့ မေးခွန်းထုတ်ခံနေရတဲ့ ဂရင်းဝုဒ်

ယူနိုက်တက် လူငယ် တိုက်စစ်ကစားသမားလေး ဂရင်းဝုဒ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲက သူ့ရဲ့ အပြုအမူအတွက် ဝေဖန်ခံနေရပြီဖြစ်ပါတယ်။

အဆိုပါအင်္ဂလန်ကစားသမားလေးဟာ ပထမပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒိုတို့ကို ဘောလုံးခင်းပေးလို့ရပေမယ့် မပေးခဲ့ဘဲ တကိုယ်ကောင်းဆန်ဆန်နဲ့ ကျပ်နေတဲ့ကြားကနေ ရအောင် ကန်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကန်ချက်က ထိရောက်မှုမရှိခဲ့ဘဲ ပရိသတ်တွေအတွက်ရော၊ အသင်းဖော်တွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်၊ ရော်နယ်ဒိုတို့ကိုပါ စိတ်ပျက်စရာဖြစ်စေခဲ့ပါတယ်။

ဝက်စ်ဟမ်းနောက်တန်းက လူပေးမှားတာကတဆင့် ဘရူနိုဖာနန်ဒက်စ် ဘောလုံးရရှိခဲ့ပြီး ဂရင်းဝုဒ်ကို ခင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂရင်းဝုဒ်ကတော့ ရော်နယ်ဒိုကိုရော၊ ဘရူနိုဖာနန်ဒက်စ်ကိုရော ဘောလုံးပြန်မပေးဘဲ တကိုယ်ကောင်းဆန်ခဲ့တာပါ။

ပရိသတ်တွေကတော့ ဂရင်းဝုဒ်ရဲ့ လုပ်ရပ်အပေါ် ဝေဖန်နေကြပြီး ပွဲတိုင်းလိုလို ဒီလိုမျိုး မြင်တွေ့နေရတဲ့အပေါ် စိတ်ပျက်မှုတွေ ပိုမိုကြီးထွားလာခဲ့ကြပါပြီ။

ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့တဲ့ပွဲတုန်းက ဂရင်းဝုဒ်ရဲ့ ဂိုးအတွက် ရော်နယ်ဒိုနဲ့ဘရူနိုဖာနန်ဒက်စ်တို့ နှစ်ယောက် အကောင်းဆုံး ပူးပေါင်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးမှာ ဘရူနိုဖာနန်ဒက်စ်က တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းလို့ရခဲ့ပေမယ့် ပိုမိုသေချာတဲ့ ဂရင်းဝုဒ်ဆီကို ခင်းပေးခဲ့တာဖြစ်ပြီး ဂရင်းဝုဒ်က ဂိုးရခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အမြင်မကြည်လင်မှုတွေရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပြီး နှစ်ယောက်ကြား ဆက်ဆံရေး အေးခဲနေတယ်လို့လည်း သိရှိရပါတယ်။