ရပ်ရှ်ဖို့ဒ်ရဲ့ဂိုးကို VAR ပြန်မကြည့်တဲ့အပေါ် ဒေးဗစ်မိုယက်စ်ဝေဖန်ပြောကြား

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က မနေ့ညက ယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲမှာ ပေးလိုက်ရတဲ့ အနိုင်ဂိုးနဲ့ ပတ်သက်လို့ ဒေါသပေါက်ကွဲခဲ့ပါတယ်။

ပွဲကစားချိန် နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ကာဗာနီရဲ့ ဖန်တီးပေးမှုကတဆင့် ရပ်ရှ်ဖို့ဒ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့တာဖြစ်ပြီး ဒီဂိုးကို ဖန်တီးပေးတဲ့ ကာဗာနီ လူကျွံနေတယ်လို့ မိုယက်စ်က ယူဆခဲ့ပါတယ်။

VAR ပြန်မကြည့်ခဲ့တဲ့အပေါ် ဒေးဗစ်မိုယက်စ်က ကွင်းထဲမှာတင် ပေါက်ကွဲခဲဲ့ပြီး တကယ်တမ်းမှာတော့ ကာဗာနီအနေနဲ့ လူကျွံဘောစည်းမျဥ်းသစ်အရ လူကျွံခဲ့တာမျိုးမရှိဘူးလို့ VAR က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြခဲ့ပါတယ္။

ဒါပေမယ့် အခြားသောပရိသတ်တွေနဲ့ ဒေးဗစ်မိုယက်စ်ကတော့ ဒီဆုံးဖြတ်ချက်အပေါ် သဘောမကျဖြစ်နေပြီး ဒေးဗစ်မိုယက်စ်က  “ကျနော်တို့ အနိုင်လိုချင်ခဲ့ပြီး နောက်ဆုံးစက္ကန့်မှာ ဂိုးပေးလိုက်ရတာက အမြဲတမ်း ခက်ခဲပါတယ်”

“ပေးလိုက်ရတဲ့ဂိုးကိုတော့ ကျနော် ထပ်မကြည့်တော့ပါဘူး။ လူတွေက ဒီဂိုးနဲ့ပတ်သက်လို့ မှန်ကန်တယ်ထင်နေတဲ့ပုံပဲ။ ဆုံးဖြတ်ချက်တွေ မှန်ကန်ဖို့အတွက် VAR ကြည့်ဖို့ လိုအပ်ပါတယ်။ ရလဒ်ပိုင်းအတွက် စိတ်ပျက်မိပါတယ်”

“ဒါပေမယ့် ကျနော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အတွက်တော့ ကျနော် ကျေနပ်အားရမိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေ ရှင်သန်လာခဲ့ရပါပြီ။