ချဲလ်ဆီးကိုနင်းပြီး မန်ယူပရိသတ်တွေကို ရင်ခုန်အောင်လုပ်သွားတဲ့ ထိပ်သီးပစ်မှတ်ကွင်းလယ်လူ

ယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒကလန်ရိုက်စ်က သူ့အနေနဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ကစားရတာက အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းတယ်လို့ မနေ့ညက ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ ဝက်စ်ဟမ်း အသင်းခေါင်းဆောင်ဟာ မနေ့ညက ယူနိုက်တက်နဲ့ပွဲမှာ ပုံစံကောင်းပြသခဲ့ပြီး ယူနိုက်တက်ကတော့ ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံးမိနစ်မှာ သွင်းယူတဲ့ တလုံးတည်းသော အနိုင်ဂိုးကြောင့် နိုင်ပွဲရရှိခဲ့ပါတယ်။

အသက် (၂၂) နှစ်အရွယ် ဒကလန်ရိုက်စ်ဟာ ချဲလ်ဆီးလူငယ် ကစားသမားဟောင်းတယောက်ဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ အသင်းဟောင်း ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာပါ။

မနေ့က ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲအပြီးမှာတော့ ဒကလန်ရိုက်စ်က “ကျနော် အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားရတာကို ချစ်မြတ်နိုးပါတယ်။ ကျနော် အိုးထရက်ဖို့ဒ်ကို လာတိုင်း အမြဲတမ်း ပြောနေကျ စကားတခွန်းရှိပါတယ်”

“ဒီကွင်းကြီးက ကျနော့်အကြိုက်ဆုံး ကွင်းတွေထဲက တကွင်းဆိုတာပါပဲ။ တကယ်ကို အံ့အားသင့်စရာကောင်းတဲ့ ကွင်းကြီးပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒကလန်ရိုက်စ်ရဲ့ ပြောစကားတွေကတော့ သူ့ကိုခေါ်ယူချင်နေတဲ့ ယူနိုက်တက်အတွက် ကျေနပ်အားတက်စရာပါပဲ။

ကစားသမားဟာ ချဲလ်ဆီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့် ဒီအပြောင်းအရွှေ့မှာ ခြေတလှမ်း နောက်ကျနေသလို ဖြစ်နေတဲ့ ယူနိုက်တက်တို့ ဝက်စ်ဟမ်းက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) ကို ပေးချေပြီး ဒကလန်ရိုက်စ်ကို ခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာပါ။