အာဆင်နယ်ရဲ့ရာမို့စ်အဖြစ် သတ်မှတ်ခံနေရလည်း ကစားပုံကိုပြောင်းမှာမဟုတ်ဘူးဆိုတဲ့ ချာကာ

အာဆင်နယ် ကွင်းလယ်လူ ချာကာဟာ သူ့ရဲ့ ကစားပုံကို မပြင်နိုင်ဘူးလို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ ချာကာဟာ လီဗာပူးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ပြသခံခဲ့ရတဲ့ အနီကတ်ကြောင့် ဒီည ကစားမယ့် ဘန်လေနဲ့ပွဲကို ဆက်လက် လွဲချော်ရဦးမှာပါ။

ချာကာအတွက်တော့ ဒီရာသီမှာ အနီကတ် (၂) ကြိမ်အထိ ရှိလာခဲ့ပြီး သူ့ရဲ့ ကစားပုံအပေါ်မှာ ပြိုင်ဘက်ပရိသတ်တွေတင်မကဘဲ အာဆင်နယ် ပရိသတ်တွေကပါ ဝေဖန်နေကြပါတယ်။

ချာကာရဲ့ ကစားပုံက ပွဲတိုင်းလိုလိုမှာ အငြင်းပွားဖွယ်ရာတွေ၊ အနီကတ်ပြချင်စရာတွေဖြစ်ခဲ့ပြီး အခု နောက်ဆုံး အနီကတ်က အာဆင်နယ် ကစားသမားဘဝ (၅) ကြိမ်မြောက် အနီကတ်ဖြစ်ခဲ့ပါတယ်။

ကစားသမားဘဝတလျှောက်မှာ ချာကာက အနီကတ် (၁၂) ကတ်အထိ ပြသခံခဲ့ရပြီး (၂၀၁၆) မှာ အာဆင်နယ်ကို ရောက်ရှိလာပြီးနောက်ပိုင်း အဝါကတ် (၆၃) ကတ် အထိ ပြသခံထားရပါတယ်။

ဒါပေမယ့် ချာကာကတော့ “ကျနော် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာမဟုတ်ပါဘူး။ တချို့ဖြစ်ရပ်တွေမှာ ၅၀-၅၀ အနေအထားပဲရှိပါတယ်။ ဒါက စွန့်စားရပါတယ်။ လူတွေကတော့ ဘာလို့စွန့်စားလဲဆိုပြီး ပြောနေကြတာပေါ့”

“ဒါ ကျနော့်ရဲ့ ပုံစံပါပဲ။ ကျနော့်ရဲ့ ပုံစံကို ကျနော် ဒီနေ့လည်း မပြောင်းလဲဘူး၊ မနက်ဖြန်မှာလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျနော်တိုးတက်ဖို့ လိုအပ်တာကိုတော့ ကျနော်သိတာပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။