အီတလီ လက်ရွေးစင် အသင်းမှာ တကျော့ပြန် ရွေးချယ်ခံရဖို့ ရှိလာတဲ့ ဘာလော့တယ်လီ

အီတလီ နည်းပြ မန်ချီနီ ဟာ လက်ရွေးစင် အသင်းရဲ့လာမယ့်ပွဲတွေအတွက် တိုက်စစ်မှူးဟောင်းဖြစ်တဲ့ ဘာလော့တယ်လီ ကို ပြန်လည်ရွေးချယ်တော့မှာဖြစ်တယ်လို့ ဖာဘရီဇီယို ရိုမန်နို က သူ့ရဲ့တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။

ဘာလော့တယ်လီ ဟာ (၂၀၁၈)ခုနှစ်က အီတလီ လက်ရွေးစင် အတွက် နောက်ဆုံးပါဝင်ကစားခဲ့တာကြောင့် (၃)နှစ်ကျော်ကြာဝေးကွာခဲ့တာဖြစ်ပါတယ်။ဘာလော့တယ်လီ ဟာ နည်းပြ မန်ချီနီ နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိနေတယ်လို့လည်း သိရပါတယ်။

ဘာလော့တယ်လီ ဟာ ဒီရာသီ တူရကီကလပ် အဒမ်နာစပေါ် အသင်းမှာ ကစားနေတာဖြစ်ပြီး ခြေစွမ်းပြသွင်းဂိုးတွေ သွင်းယူနေတာဖြစ်ပါတယ်။ဘာလော့တယ်လီ ဟာ တူရကီကလပ် အတွက် (၂၁)ပွဲကစားထားပြီး (၉)ဂိုးသွင်းယူထားတာပါ။

ဘာလော့တယ်လီ ဟာ ဒီရာသီမှာ ခြေစွမ်းပြသနေတာကြောင့် (၂၀၂၂) ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ ပလေးအောဖ့်အဆင့် ပွဲစဉ်တွေ ကစားရမယ့် အီတလီ အသင်း အတွက် ရွေးချယ်ဖို့ နည်းပြ မန်ချီနီ က မျက်စိကျနေတာဖြစ်ပါတယ်။

ဘာလော့တယ်လီ ဟာ အီတလီ အသင်းကို နည်းပြ မန်ချီနီ စတင်ကိုင်တွယ်ခဲ့တဲ့ အချိန်မှာလည်း ပြန်လည်ရွေးချယ်ခံရတာဖြစ်ပါတယ်။ဘာလော့တယ်လီနဲ့ မန်ချီနီ တို့ဟာ အင်တာနဲ့ မန်စီးတီး အသင်းတို့မှာလည်း အတူလက်တွဲခဲ့ကြတာဖြစ်ပါတယ်။

ဘာလော့တယ်လီ ဟာ အီတလီ လက်ရွေးစင် အသင်းအတွက် (၂၀၁၀)မှာ စတင်ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး (၃၆)ပွဲပါဝင်ကစားကာ (၁၄)ဂိုးသွင်းယူထားတာပါ။ဘာလော့တယ်လီ ဟာ ဆော်ဒီနဲ့ ကစားခဲ့တဲ့ (၂၀၁၈)မေလက ခြေစမ်းပွဲမှာ လက်ရွေးစင်အတွက် ‌နောက်ဆုံးဂိုးသွင်းယူထားတာဖြစ်ပါတယ်။

အီတလီ အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် ပွဲစဉ်ကစားရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ပေါ်တူဂီနဲ့နေရာတနေရာလုရဖွယ် ရှိနေတာဖြစ်ပါတယ်။