ချန်ပီယံလိဂ်ဘုရင်ကြီး ရီးရဲယ်လိုဝတ်ပြီးတည်းက တဂိုးတောင်မသွင်းနိုင်ဖြစ်သွားတဲ့ အာဆင်နယ်ရဲ့ဘဝ

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဥ်မှာ အဖြူ ဝမ်းဆက်ကို ဝတ်ဆင်ပြီး ကစားခဲ့ပါတယ်။ ဒီလို ဝတ်ဆင်တာဟာ ယေဘုယျအားဖြင့် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ရည်ရွယ်တဲ့ ကမ်ပိန်းတခုပါ။

ဒါပေမယ့် ဒါက ကမ္ဘာကျော်အသင်းကြီး ရီးရဲယ်မက်ဒရစ် ဝတ်ဆင်နေကျ ပုံစံ အရောင်အတိုင်းဖြစ်ခဲ့တာကြောင့် လူတွေက ရီးရဲယ်မက်ဒရစ်လို ဝတ်ဆင်ခဲ့တယ်လို့ အာဆင်နယ်ကို နောက်ပြောင်နေကြပါတယ်။

အာဆင်နယ်ဟာ အဲ့ဒီပွဲမှာပဲ နော်တင်ဟမ်ဖောရက်စ်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီး အက်ဖ်အေဖလား ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။

အာဆင်နယ်အနေနဲ့ အဲ့ဒီနောက်မှာ လီဗာပူးနဲ့ ကာရာဘောင်ဖလားနှစ်ပွဲဆက်တိုက် ကစားခဲ့ရပြီး အဲ့ဒီနှစ်ပွဲလုံးမှာလည်း တဂိုးမှ မသွင်းနိုင်ခဲ့ဘဲ ဒုတိယအကျော့ အိမ်ကွင်းပွဲမှာတော့ လီဗာပူးကို ၀-၂ ဂိုးနဲ့ ရှုံးနိမ့်ကာ နောက်ထပ် ပြည်တွင်းဖလား တလုံး လမ်းကြောင်းပေါ်ကနေ ဆင်းပေးလိုက်ရပါတယ်။

မနေ့ညက နောက်ဆုံး ကစားခဲ့တဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း အာဆင်နယ်တို့ ဂိုးမသွင်းနိုင်ခဲ့ပြန်ဘဲ အိမ်ကွင်းမှာ ဂိုးမရှိသရေကျခဲ့တာကြောင့် အာဆင်နယ်တို့ ပြိုင်ပွဲစုံ နောက်ဆုံး လေးပွဲဆက် ဂိုးမသွင်းနိုင်တဲ့ စံချိန်ဆိုးတခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲပြီးတည်းက ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကိန်းက “အာဆင်နယ်က ရီးရဲယ်မက်ဒရစ် လို ဝတ်ဆင်ခဲ့ပေမယ့် ခြေစွမ်းက ရပ်ကွက်အဆင့်ပဲရှိတယ်” လို့ ဝေဖန် ပြောကြားခဲ့ဖူးပါသေးတယ်။