ဒီတိုင်းလည်း နိုင်နေတာတောင် VAR ဝင်ကူလို့ အပြောအဆိုခံနေရပြန်တဲ့ လီဗာပူး

မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ လီဗာပူးပွဲမှာ လီဗာပူးက ၁-၃ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးတို့ မန်စီးတီးထက် တပွဲလျော့ ကိုးမှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာတင် ဗန်ဒိုက်ချ်၊ ချိန်ဘာလိန်တို့ရဲ့ ဂိုးတွေနဲ့ လီဗာပူးတို့ ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာ အက်ဒွါရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရပါတယ်။ လီဗာပူးအနေနဲ့ ပွဲကို ပုံမှန် ထိန်းကစားနေခဲ့ပြီး ပွဲပြီးခါနီးမှာတော့ ပင်နယ်တီရရှိခဲ့ပါတယ်။

အာနိုးလ်ရဲ့ ပေးပို့မှုကတဆင့် ဂျိုတာက ဂိုးသမားနဲ့ တယောက်ချင်းအတွေ့မှာ ထိချက်မကောင်းခဲ့ပေမယ့် ဘောလုံးက နှစ်ယောက်လုံးရဲ့ အပြင်ကိုထွက်ကာ၊ ဂျိုတာတယောက် ဂိုးသမားကို ဝင်တိုးမိခဲ့တာပါ။

ဒီဖြစ်ရပ်ကို ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။ အစပိုင်းမှာ ကွင်းလယ်ဒိုင်က ဒီဖြစ်ရပ်အတွက် ပင်နယ်တီပေးဖို့ စိတ်ကူးမရှိခဲ့ပေမယ့် VAR က ဒိုင်လူကြီးကို ဒီဖြစ်ရပ်အတွက် ပြန်လည် သုံးသပ်ဖို့ အကြောင်းကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ကွင်းလယ်ဒိုင်က VAR သွားကြည့်ခဲ့ပြီး ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီပင်နယ်တီကိုတော့ ဖာဘင်ဟိုက ကန်သွင်းခဲ့ပြီး လီဗာပူးတို့အတွက် ပွဲသိမ်းဂိုးရရှိခဲ့ပါတယ်။

လီဗာပူးအတွက်တော့ ဒီနိုင်ပွဲက လက်စတာကိုရှုံး၊ ချဲလ်ဆီးကို သရေကျပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။