အာဆင်နယ်ကစားသမားကို ချာကာစတိုင်နဲ့ နင်းခဲ့ပေမယ့် အနီမထိလို့ အာဆင်နယ်ပရိသတ်တွေ ပေါက်ကွဲ

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဘန်လေတို့ရဲ့ ဂိုးမရှိသရေပွဲမှာ အာဆင်နယ် ပရိသတ်တွေအတွက် အသင်းရလဒ်ပိုင်းအပြင် ပွဲချိန်အတွင်း အဖြစ် အပျက် တခုကပါ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ပွဲကစားချိန် ပထမပိုင်းမှာ ဘန်လေ ကွင်းလယ်လူ ဝက်စ်ဝုဒ်က အာဆင်နယ် နောက်ခံလူ တီယာနေးကို သိသိသာသာ တက်နင်းခဲ့ပေမယ့် အနီကတ် အပြမခံရဘဲ ကံကောင်းသွားခဲ့ပါတယ်။ ပွဲကစားချိန် (၂၅) မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်က တော်တော်ဆိုးရွားပြီး တီယာနေးရဲ့ ဒူးခေါင်းပေါ်ကို ဝက်စ်ဝုဒ်က နင်းမိခဲ့တာပါ။

ဒါပေမယ့် ဝက်စ်ဝုဒ်တယောက် အဝါကတ်သာ ပြသခံခဲ့ရပြီး ဒီဖြစ်ရပ်အပေါ် အာဆင်နယ် ပရိသတ်တွေက အခဲမကျေနိုင်ဖြစ်နေကြပါတယ်။ အာဆင်နယ် ပရိသတ်တယောက်က “ဝက်စ်ဝုဒ်က တီယာနေးကို တက်နင်းခဲ့ပါတယ်”

“ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ သူက အာဆင်နယ် ဂျာစီ ဝတ်ထားတာ မဟုတ်ဘဲ ဘန်လေဂျာစီကို ဝတ်ထားတာဖြစ်နေပါတယ်။ ဒီတော့ အဝါကတ်က လုံလောက်တဲ့ပုံပါပဲ” လို့ ရေးသားဝေဖန်ခဲ့ပါတယ်။

အခြားသော အာဆင်နယ်ပရိသတ်တယောက်ကလည်း “ဝက်စ်ဝုဒ်ရဲ့ တီယာနေးအပေါ် ပြစ်ဒဏ်ကျူးလွန်မှုက အဝါကတ်ပဲ ပြတာလား? ဒါဆို ဝက်စ်ဝုဒ်နေရာမှာ ချာကာ ဆိုရင်ရော???”

“ခင်ဗျားလည်း ကျနော့်လောက် ကောင်းကောင်းစဥ်းစားနိုင်မှာပါ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။