ပရိသတ်တွေ တီဗီ ပိတ်လိုက်မှာစိုးလို့ အမ်ပိုလီ ကို ၂ဂိုးပြန်ပေးခဲ့တာလို့ ပြောတဲ့ မော်ရင်ဟို

မော်ရင်ဟို ကတော့ ပရိသတ်တွေကို စိတ်လှုပ်ရှားစရာဖြစ်စေဖို့ အတွက် အမ်ပိုလီ အသင်းကို (၂)ဂိုးပြန်ပေးခဲ့တာလို့ နောက်ပြောင်ပြီး ပြောလိုက်ပါတယ်။ရိုးမား အသင်းဟာ အမ်ပိုလီ အသင်း အိမ်ကွင်းမှာ ကစားခဲ့တဲ့ စီးရီးအေပွဲမှာ (၄)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းဟာ ပထမပိုင်းမှာ (၄)ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာဖြစ်ပြီး အေဘရာဟမ်က (၂)ဂိုး၊ဇာနီလိုနဲ့ အိုလီဗီယာ က (၁)ဂိုးစီ သွင်းယူခဲ့တာပါ။အမ်ပိုလီ အသင်းကတော့ ဒုတိယပိုင်းမှာ ပီနာမွန်တီနဲ့ ဘာဂျရာမီ တို့က ချေပဂိုးပြန်သွင်းခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို ကတော့ အဝေးကွင်းမှာ အမ်ပိုလီ ကို အနိုင်ရခဲ့လို့ ပျော်ရွှင်နေတာဖြစ်ပါတယ်။ရိုးမား အသင်းဟာ ဒီပွဲအနိုင်ရခဲ့တာကြောင့် အဆင့်(၄)နေရာက အတ္တလန္တာ အသင်းနဲ့ (၅)မှတ်သာ ကွာဟတော့တာပါ။

မော်ရင်ဟို က “ကျွန်တော်တို့ ပွဲကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ဒါက ကြီးမားတဲ့ အောင်မြင်မှုတခုပါပဲ။ဒီမှာ (၄)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရဖို့‌ဆိုတာ မလွယ်ပါဘူး။လာဇီယို၊အတ္တလန္တာနဲ့ ဖီအိုရင်တီးနား တို့ အမှတ်လျော့တယ်ဆိုတာကို ကျွန်တော်တို့ သိထားပါတယ်”

“အဲ့ဒါကြောင့် ကျွန်တော်တို့ အတွက် အနိုင်ရဖို့ အလွန်အရေးကြီးခဲ့ပြီး ကျွန်တော်တို့ လုပ်လည်း လုပ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ပရိသတ်တွေအတွက် ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ကျွန်တော်တို့သာ (၅)ဂိုး-ဂိုးမရှိဖြစ်သွားရင် သူတို့ တီဗီ ပိတ်လိုက်ပါလိမ့်မယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

ရိုးမား အသင်းဟာ ဒီပွဲအပါအဝင် နောက်ဆုံး (၃)ပွဲဆက် အနိုင်ရထားပြီး အကောင်း‌ဆုံးပုံစံတွေ ပြန်ရနေတာလည်းဖြစ်ပါတယ်။ရိုးမား အသင်းဟာ ဖေဖော်ဝါရီ(၆)ရက်မှ ဂျီနိုအာ အသင်းနဲ့ စီးရီးအေပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။

ဒါပြီးရင်တော့ ရိုးမား အသင်းဟာ ကိုပါအီတာလီယာ ပွဲစဉ်အဖြစ် အင်တာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။