ဒူးဒဏ်ရာခွဲစိတ်ပြီးနောက် ကာလကြာရှည်အနားယူရတော့မယ့် ချီဆာ

ဂျုဗင်တပ်စ် အသင်းရဲ့အဓိက ကစားသမားဖြစ်တဲ့ ချီဆာ ရဲ့ဘယ်ဘက်ဒူးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ပြီးနောက် အီတလီ ကစားသမားဟာ (၇)လကြာ ဝန်းကျင် အနားယူရတော့မှာဖြစ်ပါတယ်။

အီတလီ လက်ရွေးစင် ကစားသမား ဂျုဗင်တပ်စ် အသင်းက ရိုးမား အသင်းကို (၄)ဂိုး-(၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်ရဲ့ပထမပိုင်းမှာ ဒဏ်ရာ ရရှိသွားခဲ့တာပါ။သူဟာ ကြွက်သားဒဏ်ရာကြောင့် အနားယူပြီး ပြန်လည်ကစားခဲ့ရာမှာ အခုလို ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ချီဆာ ဟာ ဒီဒူးခွဲစိတ်မှုကြောင့် အီတလီ လက်ရွေးစင် အတွက် အရေးပါတဲ့ (၂၀၂၂) ကမ္ဘာ့ဖလားဝင်ခွင့် ပလေးအောဖ့် အဆင့်ပွဲစဉ်တွေကို လွဲချော်သွားပြီလည်းဖြစ်ပါတယ်။

Soccer Football – Serie A – AS Roma v Juventus – Stadio Olimpico, Rome, Italy – January 9, 2022 Juventus’ Federico Chiesa receives medical attention after sustaining an injury. Picture taken January 9, 2022. REUTERS/Alberto Lingria

ချီဆာ ဟာ ပြီးခဲ့တဲ့ အီတလီ အသင်း ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ ပြိုင်ပွဲမှာ အကောင်းဆုံး ခြေစွမ်းတွေ ပြသပြီး ဂိုးတွေသွင်းယူနိုင်ခဲ့တာပါ။အီတလီ အသင်း ဟာ ကာတာကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့်ဆုံးရှုံးခဲ့ပြီးနောက် ပလေးအောဖ့် ပွဲစဉ်အဖြစ် မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ချီဆာ ဟာ ပြီးခဲ့တဲ့ ရာသီတည်းက ဂျုဗင်တပ်စ် အသင်းကို ဖီအိုရင်တီးနား အသင်းကနေ အငှားလာရောက်ကစားနေတာပါ။ချီတာ ဟာ ပြီးခဲ့တဲ့ရာသီက ဂျုဗင်တပ်စ် အသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ပွဲမှာ (၁၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ချီဆာ ဟာ (၁၈)ပွဲကစားပြီား (၄)ဂိုးသွင်းယူထားတာပါ။ချီဆာ ဟာ အီတလီ လက်ရွေးစင် အသင်းအတွက် (၃၇)ပွဲကစားထားပြီး (၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဂျု‌ဗင်တပ်စ် အသင်းဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲရဲ့အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။