၂၀၁၈ နောက်ပိုင်း အီတလီလက်ရွေးစင် မှာ ပထမဆုံးအကြိမ် ပါဝင်လာပြီဖြစ်တဲ့ ဘာလော့တယ်လီ

ယူရိုချန်ပီယံ အီတလီ လက်ရွေးစင် အသင်းဟာ (၂၀၂၂) ကမ္ဘာ့ဖလား ပလေးအောဖ့် ပွဲစဉ်တွေ ကစားဖို့ အတွက် အသင်းရဲ့လူစာရင်းမှာ တိုက်စစ်မှူး တဦးဖြစ်တဲ့ ဘာလော့တယ်လီ ကို ရွေးချယ်လိုက်ပါတယ်။

မန်စီးတီးနဲ့ လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဟာ (၂၀၁၈) စက်တင်ဘာနောက်ပိုင်း လက်ရွေးစင် အသင်းအတွက် ပါဝင်ကစားရခြင်းမရှိတော့တာပါ။ဘာလော့တယ်လီ ဟာ တူရကီကလပ် အဒမ်နာဒီမာစပေါ် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် အခုလို ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဘာလော့တယ်လီ ဟာ ဒီရာသီမှာ တူရကီကလပ် အတွက် လိဂ်ပွဲ(၁၈)ပွဲပါဝင်ကစားထားပြီး (၈)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။အဲ့ဒါကြောင့် (၃)ရက်ကြာ စခန်းသွင်းလေ့ကျင့်မယ့် အီတလီ အသင်းရဲ့ကစားသမား(၃၅)ဦးစာရင်းမှာ ဘာလော့တယ်လီ ပါဝင်ခဲ့တာပါ။

အီတလီ အသင်းဟာ မတ်လ(၂၄)ရက်မှာ ကမ္ဘာ့ဖလား ပလေးအောဖ့် အကြိုဗိုလ်လုပွဲ အဖြစ် မြောက်မက်ဆီဒိုးနီးယား အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဘာလော့တယ်လီ ဟာ အီတလီ လက်ရွေးစင် အသင်းအတွက် (၃၆)ပွဲပါဝင်ကစားထားပြီး (၁၄)ဂိုးသွင်းယူထားတာဖြစ်ပေမယ့် (၂၀၁၄) ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးတည်းက (၃)ပွဲသာ ပါဝင်ကစားခွင့် ရထားတာဖြစ်ပါတယ်။

အီတလီ အသင်းနည်းပြ မန်ချီနီ ဟာ လက်ရွေးစင် အသင်းကို စတင်ကိုင်တွယ်တဲ့ အချိန်တုန်းကလည်း ဘာလော့တယ်လီ ကို လက်ရွေးစင် အသင်းလူစာရင်းမှာ ရွေးချယ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရွေးချယ်ခြင်းမရှိတော့တာပါ။

ဘာလော့တယ်လီနဲ့ မန်ချီနီ တို့ဟာ မန်စီးတီး၊အင်တာမီလန် အသင်းတို့မှာလည်း အတူလက်တွဲခဲ့ကြတာဖြစ်ပြီး မန်စီးတီး အသင်း ပရီးမီးယားလိဂ်ဖလား ရယူခဲ့ရာမှာ (၂)ဦးလုံး ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။