အာဆင်နယ်က ခွင့်လွှတ်တယ်ဆိုတာ ဘာမှန်းတောင်မသိတဲ့အသင်းလို့ အူဘာကိစ္စအပေါ် အဒီဘာယောပြော

အာဆင်နယ်ရဲ့ တိုက်စစ်မှူးဟောင်း အဒီဘာယောက အူဘာမီးယန်းနဲ့ ပတ်သက်လို့ အာဆင်နယ်ကို ဝေဖန်ပြောကြားလိုက်ပြီး အူဘာမီးယန်းအနေနဲ့ အာဆင်နယ်မှာ ပြန်လမ်းမရှိတော့ဘူးလို့ သုံးသပ်ပြောကြားလိုက်ပါတယ်။

အူဘာမီးယန်းဟာ စည်းကမ်းပိုင်းဆိုင်ရာပြဿနာကြောင့် အသင်းခေါင်းဆောင် လက်ပတ် ရုပ်သိမ်းခံခဲ့ရပြီး အသင်းကြီးလူစာရင်းကနေလည်း ဖယ်ရှားခံရကာ တယောက်တည်း လေ့ကျင့်ခန်းဆင်းခဲ့ရပါတယ်။

အူဘာမီးယန်းကိစ္စအတွက် အာတီတာတယောက် လိုအပ်တာထက် ပိုမိုပြင်းထန်တယ်ဆိုတဲ့ အယူအဆတွေလည်းရှိနေပြီး အာတီတာကတော့ သူ့ရဲ့လုပ်ရပ်တွေအပေါ် ကာကွယ်ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာလည်း အာဆင်နယ်နဲ့ ကျောင်းတော်က ရန်စတွေရှိထားတဲ့ အဒီဘာယောက “ကျနော့်အထင် အူဘာမီးယန်းက အသင်းအတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က သူ့အတွက်လို့ ထင်ခဲ့လို့ပါ”

“ဒါပေမယ့် အာဆင်နယ်က ဘယ်လိုခွင့်လွှတ်ရမယ်ဆိုတာကို သိတဲ့အသင်းမဟုတ်ပါဘူး။ ဒီတော့ အူဘာမီးယန်းအတွက် ပြန်လှည့်စရာ လမ်းမရှိတော့ပါဘူး။ အူဘာမီးယန်းက ကစားသမားကောင်းပါ။ သူ့အတွက် အကောင်းဆုံးဖြစ်ဖို့ ကျနော် ဆုတောင်းပါတယ်”

“အာဆင်နယ်မှာတော့ သူ့ရဲ့ ကစားသမားဘဝမရှင်သန်တော့ပါဘူး။ ကျနော်  ဒါကို ကောင်းကောင်းသိပါတယ်။ ဘာလို့လဲဆိုတော့ ဒါမျိုးကို ကျနော် ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

အဒီဘာယောဟာ မန်စီးတီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် အာဆင်နယ်နဲ့ ပြန်တွေ့တဲ့ပွဲမှာ ဂိုးသွင်းအပြီး အကြီးအကျယ် အောင်ပွဲခံခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေ မုန်းတီးခဲ့ရတဲ့ ကစားသမားပါ။