အာဆင်နယ်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် အာတီတာ ကို ထုတ်ပယ်သင့်ပြီလို့ ပြောခဲ့တဲ့ ပီယာစ်မော်ဂန်

အာဆင်နယ် ပရိသတ်ဖြစ်တဲ့ ပီယာစ်မော်ဂန် ကတော့ မကြာသေးခင်က ကလပ်အသင်းရဲ့ စွမ်းဆောင်ရည်တွေအတွက် အာဆင်နယ်နဲ့ နည်းပြ အာတီတာကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။အာဆင်နယ် အသင်းဟာ (၂၀၂၂) အတွင်းမှာ နိုင်ပွဲပျောက် ဆုံးနေတာဖြစ်ပါတယ်။

ပီယာ့စ်မော်ဂန် ကတော့ ကလပ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့အတွက် အဆင့်(၄)အတွင်း၀င်ပြီး ရာသီအဆုံးမသတ်နိုင်ရင်တော့ အာတီတာ ကို ထုတ်ပယ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘန်လေ အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တာပါ။လန်ဒန်ကလပ်ဟာ ဘန်လေနဲ့ ပွဲအပါအ၀င်နောက်ဆုံး(၄)ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ဒီ(၄)ပွဲမှာ လီဗာပူးလ် ကို အရေးနိမ့်ပြီး ကာရာဘောင်းဖလားက ထွက်ခဲ့ရသလို၊နောတင်ဟမ်ဖောရက်စ် ကို အရေးနိမ့်ပြီး အက်ဖ်အေဖလားကနေလည်း ထွက်ခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့် အာဆင်နယ် အသင်းအတွက် အာရုံစိုက်စရာက ပရီးမီးယားလိဂ်သာ ရှိတော့တာဖြစ်ပါတယ်။

ပီယာ့စ်မော်ဂန် က “ဒီရာသီမှာ အာတီတာ က ပေါင်သန်း(၁၅၀)သုံးပြီး ကစားသမားသစ်တွေကို ခေါ်ယူခဲ့ပေမယ့် လိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နဲ့ ပြည်တွင်းဖလားကနေလည်း ထွက်ခဲ့ရပါပြီ။ဒါပေမယ့် သူ့ကို ခရွန်ကီ က စာချုပ်သစ်ချုပ်တော့မယ်ဆိုပြီး အံသြစရာကောင်းတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်”

“ထိပ်သီး(၄)သင်းထဲ မ၀င်ခဲ့ရင်တော့ ကလပ်အသင်းကြီးတသင်းအတွက် အလွန်နိမ့်ကျတဲ့့ ရည်မှန်းချက်တခုပါပဲ။အဲ့ဒါကြောင့် သူ့ကို လစာမတိုးပေးသင့်ပဲ ထုတ်ပစ်သင့်ပါတယ်”လို့ The Sun မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားအဆင့်(၄)နေရာက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ (၂)မှတ်အကွာ အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။အာဆင်နယ် အသင်းဟာ ဖေဖော်ဝါရီ(၁၁)ရက်မှ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။