အာဖရိကဖလားပွဲမှာ ထိခိုက်ဒဏ်ရာရပြီးနောက် ဆေးရုံကုတင်ပေါ်မှာ တွေ့ခဲ့ရတဲ့ မာနေး

လီဗာပူးလ် တိုက်စစ်ကစားသမား မာနေးဟာ ဆီနီဂေါ အသင်းက ကိတ်ဗာဒီ အသင်းကို အနိုင်ရခဲ့တဲ့ အာဖရိကဖလား(၁၆)သင်း အဆင့်ပွဲစဉ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒါကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပေမယ့် သူဟာ ကောင်းမွန်နေတယ်လို့ ပြောလိုက်ပါတယ်။

မာနေး ဟာ ကိတ်ဗာဒီ အသင်း ဂိုးသမားနဲ့ ခေါင်းချင်းတိုက်မိပြီးနောက် စိုးရိမ်စရာအခြေအနေမှာ ရှိခဲ့တာပါ။ဒီအဖြစ်အပျက်ကြောင့် ကိတ်ဗာဒီ ဂိုးသမားလည်း တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။မာနေး ဟာ ကုသဖို့ လိုအပ်ခဲ့ပေမယ့် ပွဲကို ဆက်ကစားခဲ့ပါတယ်။

မာနေး ဟာ ဒီပွဲမှာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို လှပတဲ့ ကန်ချက်နဲ့ သွင်းယူသွားာခဲ့တာပါ။ဒါပေမယ့် မာနေး ဟာ ဂိုးသွင်းပြီး အောင်ပွဲခံတဲ့ အချိန်မှာ ခေါင်းချင်းထိခိုက်မိတဲ့ ဒဏ်ကြောင့် မြေပြင်ပေါ်ကို လဲကျသွားခဲ့တာဖြစ်ပါတယ်။

မာနေး ဟာ ဆက်မကစားနိုင်တော့တဲ့အတွက် လူစားလဲမှုပြုလုပ်ခဲ့ရပါတယ်။ဒီပွဲမှာ ကိတ်ဗာဒီ အသင်းဟာ ဂိုးသမား အပါအဝင် ကစားသမားတဦးလည်း တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခဲခဲ့ရတာကြောင့် (၉)ဦးတည်းနဲ့ ကစားခဲ့ရပြီး ဆီနီဂေါ အသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဆီနီဂေါ နည်းပြ ဆစ်ဆီ က မာနေး ကို ဆေးရုံထံ ခေါ်ဆောင်သွားခဲ့တယ်လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။”သူမူးမေ့လဲနေတယ်၊ခေါင်းကလည်း မူးလည်နေတယ်၊အဲ့ဒါကြောင့် အဲ့ဒီကို သွားရတယ်”လို့ ပြောခဲ့တာပါ။

မာနေး ကလည်း နောက်ပိုင်းမှာ ကိတ်ဗာဒီ ဂိုးသမားနဲ့ အတူ ဓါတ်ပုံတွဲရိုက်ကာ ဆေးရုံကုတင် ပေါ်မှာရှိနေတဲ့ ပုံကို တင်ခဲ့ပါတယ်။မာနေး ကတော့ သူ့ရဲ့အခြေအနေဟာ ကောင်းမွန်တယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် လက်ကျန်ပွဲတွေမှာ သူပါဝင်နိုင်ဖွယ်ရှိလားဆိုတာတော့ သံသယဖြစ်စရာအခြေအနေမှာ ရှိနေတာလည်းဖြစ်ပါတယ်။မာနေး ရဲ့ဆီနီဂေါ အသင်း ကတော့ ကွာတားဖိုင်နယ်မှာ မာလီနဲ့ ဂီနီယာ တို့ပွဲက အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မာနေး ဟာ ဒီရာသီ လီဗာပူးလ် အသင်းအတွက်လည်း ခြေစွမ်းပြသနေတာဖြစ်ပြီး (၂၆)ပွဲပါဝင်ကစားကာ (၁၀)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။