ဟာကီမီ က ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ လို့ ဖရီးကစ်နဲ့ ၂ပွဲဆက်ဂိုးသွင်းပြီးနောက် ချီးကျုးခံရ

ပီအက်စ်ဂျီ အသင်းနောက်ခံလူ ဟာကီမီ ကတော့ မာလဝီ အသင်းကို အနိုင်ရခဲ့တဲ့ အာဖရိကဖလား (၁၆)သင်းအဆင့် ပွဲစဉ်မှာ မော်ရိုကို အတွက် ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ဂိုးသွင်းပြီး အသင်းအတွက် အနိုင်ဂိုးရယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ မော်ရိုကို အသင်းက မာလဝီ အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။မာလဝီ အသင်းက ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး မော်ရိုကို အသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အနောက်ကနေ လိုက်သွင်းယူခဲ့ရတာဖြစ်ပါတယ်။

ဟာကီမီ ကတော့ ဒီပွဲအပါအဝင် အာဖရိကဖလား ပြိုင်ပွဲ(၂)ပွဲဆက် ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဟာကီမီ အတွက်တော့ (၂၀၀၈) ပြိုင်ပွဲနောက်ပိုင်း အာဖရိကဖလား ပြိုင်ပွဲသမိုင်းမှာ ပြစ်ဒဏ်ဘောကနေ (၂)ပွဲဆက်သွင်းယူတဲ့ ပထမဆုံးကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဟာကီမီ ရဲ့ပီအက်စ်ဂျီ အသင်းဖော် ဘတ်ပီ ကတော့ ဒီဂိုးသွင်းအပြီးမှာ မော်ရိုကို နောက်ခံလူ ကို ချီးကျုးသွားခဲ့ပါတယ်။ဟာကီမီ ဟာ ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူပဲလို့ သူ့ရဲ့တွစ်တာမှာ ရေးသားထားခဲ့တာဖြစ်ပါတယ်။

ဟာကီမီ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အင်တာ အသင်းကနေ ပီအက်စ်ဂျီ အသင်းကို ရောက်ရှိလာခဲ့တာပါ။ဟာကီမီ ဟာ ပီအက်စ်ဂျီ အသင်းအတွက် (၂၅)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဟာကီမီ ရဲ့မော်ရိုကို အသင်းကတော့ အာဖရိကဖလား ကွာတားဖိုင်နယ် အဆင့်မှာ အိုင်ဗရီကို့စ်နဲ့ အီဂျစ် တို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ တွေ့ရမှာဖြစ်လို့ ခက်ခဲတဲ့ ပွဲစဉ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မော်ရိုကို အသင်းဟာ အာဖရိကဖလားပြိုင်ပွဲမှာ (၁၉၇၆) က တကြိမ်တည်းသာ ချန်ပီယံဆုကို ရရှိထားတာဖြစ်ပြီး နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲမှာတော့ (၁၆)သင်းအဆင့်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။