နှစ်တထောင်ဝါရင့် FA ဂေါ်မစွံကြီးထက်တောင် အခြေအနေပိုဆိုးနေတဲ့ အာဆင်နယ်ရဲ့အဖြစ်

အာဆင်နယ် ရဲ့ ပစ်မှတ် ကစားသမား လိုင်ယွန် ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်ကို ခေါ်ယူဖို့ နယူးကာဆယ်က သဘောတူညီမှုရရှိခဲ့ပြီလို့ သိရှိရပါတယ်။ နယူးကာဆယ်ဟာ ဂွီမာရက်စ်အတွက် ယူရိုသန်း (၄၀) နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

ဒီကမ်းလှမ်းမှုကို လိုင်ယွန်က လက်ခံခဲ့ပြီး မကြာခင်မှာပဲ ကစားသမားဘက်က ဆုံးဖြတ်ချက်ချတာနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပါ။ ဒါဟာ နယူးကာဆယ်အတွက် လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ သုံးယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။

နယူးကာဆယ်ဟာ အက်သလက်တီကို ညာနောက်ခံလူ ထရစ်ပီယာ၊ ဘန်လေတိုက်စစ်မှူး ခရစ္စဝုဒ်တို့ကို ခေါ်ယူထားခဲ့ပြီး အခု ဂွီမာရက်စ်ရဲ့ အပြောင်းအရွှေ့ အဆုံးမသတ်ခင်မှာပဲ ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

ဂွီမာရက်စ်ကလည်း ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ရဲ့ ပစ်မှတ် ကစားသမားဖြစ်ခဲ့ပေမယ့် နယူးကာဆယ်တို့ လျင်လျင်မြန်မြန်နဲ့ ပဲ ကြားဖြတ် လက်ဦးမှု ရယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိအချိန်မှာ ကွင်းလယ်ပိုင်း အားနည်းချက်တွေရှိနေပြီး လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ် ကစားသမားတယောက်အပြင် တိုက်စစ်မှူးတယောက်ပါ ခေါ်ယူဖို့ လိုအပ်နေပါတယ်။

ဒါပေမယ့် အာဆင်နယ်ရဲ့ ပစ်မှတ် ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ် မနေ့ကပဲ ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှုရရှိခဲ့သလို ဒီနေ့မှာလည်း ဂွီမာရက်စ်အတွက် နယူးကာဆယ်နဲ့ လိုင်ယွန်တို့အကြား သဘောတူညီမှုရရှိသွားခဲ့တာဖြစ်ပါတယ်။