ထူးဆန်းတာတွေပဲဖြစ်နေတဲ့ အာဖရိကဖလားမှာ ကြောက်စရာကောင်းတဲ့ဂိုးကိုပါ သွင်းပြလိုက်ပြန်ပြီ

မနေ့က ကစားခဲ့တဲ့ မော်ရိုကိုနဲ့မာလာဝီတို့ရဲ့ အာဖရိကဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မှာ မာလာဝီ ကစားသမား မန်ဂိုက ကိုက် (၄၀) အကွာကနေ တော်တော်လေး လှပတဲ့ ဂိုးတဂိုးကို သွင်းယူခဲ့ပါတယ်။

ပွဲကစားချိန် (၇) မိနစ်မှာတင် ဒီသွင်းဂိုးကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အသက် (၂၉) နှစ်အရွယ် မန်ဂိုရဲ့ကန်ချက်က ပြိုင်ဘက်မော်ရိုကိုဂိုးသမား ဘိုနိုအတွက် ကာကွယ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး။ ဒီဂိုးကလည်း ဒီနှစ် အာဖရိကဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးသွင်းဂိုးတဂိုးအဖြစ် သတ်မှတ်ခံရနိုင်ခြေ တော်တော်လေး များသွားခဲ့ပါပြီ။

ဒါပေမယ့် မာလာဝီကတော့ ဒီပွဲမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေပေးခဲ့ရပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ မော်ရိုကို ကစားသမား ဟာကီမီကလည်း ဒီပွဲအပါအဝင် နှစ်ပွဲဆက် ဖရီးကစ်ကတဆင့် ဂိုးသွင်းယူခဲ့ပါသေးတယ်။

ပြိုင်ပွဲစတင်တဲ့ အုပ်စုပွဲစဥ်တွေမှာတည်းက ထူးထူးဆန်းဆန်းတွေ တခုပြီး တခု မရိုးရအောင်ဖြစ်နေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာ အနီကတ်၊ ပင်နယ်တီပြစ်ဒဏ်တွေ၊ ကွင်းလယ်ဒိုင်တွေရဲ့ အမှားတွေကိုလည်း ဆက်တိုက်မြင်တွေ့ခဲ့ရပါတယ်။

ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ ဆီနီဂေါကလည်း ပြိုင်ပွဲတလျှောက် သုံးဂိုးသာ သွင်းယူထားနိုင်ပေမယ့် လက်ရှိအချိန်မှာတော့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။

ကင်မရွန်းနဲ့ (၁၆) သင်းအဆင့် ရှုံးထွက်မှာ ရင်ဆိုင်ခဲ့ရတဲ့ ကိုမိုရို့စ်ကလည်း ကင်မရွန်းနဲ့ပွဲအတွက် ဂိုးသမားမရှိတာကြောင့် ဘယ်နောက်ခံလူကို ဂိုးဖမ်းခိုင်းခဲ့ရပြီး ကျန်ရှိနေသေးတဲ့ အာဖရိကဖလား ပွဲစဥ်တွေမှာ ဘယ်လိုမျိုးဖြစ်ရပ်တွေကို ထပ်မံမြင်တွေ့ရဦးမလဲ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။