အဆိုးရွားဆုံးဆိုတဲ့နေရာမှာ ဒုတိယနေရာက လိုက်နေပြန်တဲ့ မက်ဆီ

ပီအက်စ်ဂျီမှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ မက်ဆီတယောက် လက်ရှိအချိန်မှာလည်း အခွင့်အရေးအသုံးချမှု အဆိုးရွားဆုံးပိုင်းမှာ ဒုတိယနေရာက ရပ်တည်နေခဲ့ပြန်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီကမှ ပီအက်စ်ဂျီကို ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ပြင်သစ်လီဂူးမှာ မက်ဆီက တဂိုးသာ သွင်းယူထားနိုင်သေးပြီး (၁၂) ပွဲ ကစား၊ ဂိုးပေါက်ကို (၄၄) ကြိမ် ကန်ခွင့်ရထားချိန်မှာ တဂိုးသာရထားတာက စိတ်ပျက်စရာပါ။ အဲ့ဒါကြောင့်လည်း ဒေးလီးမေးလ်က ထုတ်ပြန်တဲ့ ဥရောပထိပ်တန်းလိဂ် ငါးခုရဲ့ အခွင့်အရေးကို အသုံးချနိုင်မှု အဆိုးရွားဆုံး ကစားသမားစာရင်းမှာ မက်ဆီက ဒုတိယနေရာက ရပ်တည်နေတာဖြစ်ပါတယ်။

ဒါဟာ ဂိုးပေါက်ကန်သွင်းမှုနှုန်းနဲ့ ဂိုးရရှိမှုနှုန်းကို အချိုးချ တွက်ချက်ထားတာဖြစ်ပြီး မက်ဆီရဲ့ အထက်မှာ ရပ်တည်နေတဲ့ ကစားသမားကတော့ မန်စီးတီး နောက်ခံလူ ကန်ဆယ်လိုပဲဖြစ်ပါတယ်။

ကန်ဆယ်လိုကလည်း ဂိုးပေါက်ကို (၄၆) ကြိမ် ကန်သွင်းထားပေမယ့် ပရီးမီးယားလိဂ်သွင်းဂိုး တဂိုးသာရရှိထားတာကြောင့် အခုလိုပဲ မက်ဆီရဲ့အပေါ်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

မက်ဆီကတော့ ပြင်သစ်လီဂူးမှာ အခြေအနေဆိုးနေပေမယ့် ချန်ပီယံလိဂ်မှာတော့ သွင်းဂိုးငါးဂိုး သွင်းယူပေးထားနိုင်ပါတယ်။

လက်ရှိအချိန်မှာ မက်ဆီက အားလပ်ရက်ရရှိထားတာကြောင့် ဘာစီလိုနာကို ပြန်သွားခဲ့ပြီး တနင်္လာက ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာနည်းပြ ဇာဗီရဲ့ အသက် (၄၂) နှစ်ပြည့် မွေးနေ့ကို တက်ရောက်ခဲ့ပါသေးတယ်။

မက်ဆီဟာ ဒီ (၂၀၂၂) အစပိုင်းမှာလည်း ကိုဗစ် ကူးစက်ခံခဲ့ရပြီး ပီအက်စ်ဂျီအတွက် ဒီနှစ်အတွင်း လူစားဝင်ကစားသမားအဖြစ် တပွဲသာ ပါဝင်ကစားရပါသေးတယ်။