အီဘရာဟီမိုဗစ်ကြောင့် မန်ယူကစားသမားဘဝ ပျက်စီးခဲ့ရတဲ့ မာစီရယ်လ်

ယူနိုက်တက် တိုက်စစ်ကစားသမား မာစီရယ်လ်ဟာ လက်ကျန်ရာသီဝက်ကာလအတွက် စပိန် လာလီဂါကလပ် ဆီဗီလာကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ မာစီရယ်လ်ဟာ ယူနိုက်တက်မှာ ကာလရှည်ကြာ ရုန်းကန်ခဲ့ရပြီး ဆီဗီလာကို ပြောင်းရွှေ့ဖို့အတွက်လည်း လစာလျှော့ယူခဲ့ပါတယ်။

ဗန်ဟားလ်ရဲ့ အံ့အားသင့်ဖွယ် ခေါ်ယူမှုနဲ့အတူ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ မာစီရယ်လ်က အသင်းမှာ ကျောနံပါတ် (၉) ကို ဝတ်ဆင်ခွင့်ရရှိခဲ့ပေမယ့် အီဘရာဟီမိုဗစ် အသင်းကို ရောက်လာတဲ့နောက် သူ့ရဲ့ကျောနံပါတ် (၉) ကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် အဲ့ဒီအချိန်က နည်းပြမော်ရင်ဟိုကလည်း မာစီရယ်လ်ရဲ့ စိတ်ဓာတ်ပိုင်းနဲ့ခံယူချက်ကို လုံးဝ သဘောမကျခဲ့ဘဲ ရောင်းထုတ်ဖို့အထိ ဘုတ်အဖွဲ့ကို ပြောကြားခဲ့ပါတယ်။

ဒီအချက်တွေက မာစီရယ်လ်ကို ယုံကြည်မှုပျောက်ဆုံးစေခဲ့ပြီး အခု ယူနိုက်တက်ကို စွန့်ခွာချိန်အထိ ပုံမှန်ပွဲထွက်ခွင့်မရရှိတော့ပါဘူး။

အသင်းနဲ့ ပထမဆုံးပွဲဦးထွက်မှာတင် လီဗာပူးဘက်ကို လှလှပပဂိုးသွင်းယူနိုင်ခဲ့တဲ့ မာစီရယ်လ်ရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမရာသီမှာ သွင်းဂိုး (၁၇) ဂိုးအထိရရှိခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ဆယ်ကျော်သက် ကစားသမားအဖြစ်လည်း မာစီရယ်လ်က မှတ်တမ်းဝင်ခဲ့ဖူးပါသေးတယ်။

ယူနိုက်တက်တို့ မာစီရယ်လ်ကို ခေါ်ယူခဲ့တုန်းက ပြောင်းရွှေ့ကြေး ပေါင် (၅၉) သန်း ပေးချေခဲ့ရတဲ့အပြင် ကစားသမားသာ ဘလွန်းဒီအော်ဆုရရှိခဲ့ရင် ယူနိုက်တက်အနေနဲ့ မိုနာကို,ကို နောက်ထပ် အပိုဆုကြေး ထပ်မံပေးချေရမယ်လို့ သဘောတူခဲ့တဲ့အထိ မာစီရယ်လ်နဲ့ပတ်သက်လို့ ယုံကြည်မှုတွေ မြင့်မားခဲ့ကြတာလည်းဖြစ်ပါတယ်။