အဲရစ်ဘာယီရဲ့ အရမ်းလန်းတဲ့ ပင်နယ်တီကန်သွင်းပုံကြောင့် ဆာလာကိုရှုံး၊ အိုင်ဗရီကို့စ်ပြိုင်ပွဲကထွက်ရ

မနေ့ညက ကစားခဲ့တဲ့ အီဂျစ်နဲ့ အိုင်ဗရီကို့စ်တို့ရဲ့ အာဖရိကဖလား ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်မှာ အီဂျစ်က ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲကတော့ သာမန်ပွဲကစားချိန်မှာရော၊ အချိန်ပို မိနစ် (၁၂၀) အပြီးထိ ဂိုးမရှိသရေကျခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပြီး အိုင်ဗရီကို့စ်ရဲ့ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်ကို အဲရစ်ဘာယီ လွဲချော်ခဲ့တာကြောင့် အိုင်ဗရီကို့စ်တို့ ရှုံးထွက်ကနေ အိမ်ပြန်ခဲ့ရပါတယ်။

ဒီပင်နယ်တီကို အဲရစ်ဘာယီရဲ့ ကန်သွင်းပုံက တော်တော်လေးကို ဝေဖန်ချင်စရာ ကောင်းနေပါတယ်။ အဲရစ်ဘာယီဟာ သာမန်အတိုင်း ကန်သွင်းခဲ့တာမဟုတ်ဘဲ ခြေထောက်တလှမ်းစာပဲ နောက်ဆုတ်ပြီး ဂိုးပေါက်ကိုမကြည့်ဘဲ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါဟာ သူ့ရဲ့ ကလပ်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်၊ ချဲလ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ရဲ့ ပင်နယ်တီ ကန်သွင်းပုံမျိုးပါပဲ။ ဒါပေမယ့် အီဂျစ်ဂိုးသမား အယ်လ်ရှာနာဝီက အဲရစ်ဘာယီရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပြီး အိုင်ဗရီကို့စ်လည်း ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

ဒီပွဲအပြီးမှာတော့ အဲရစ်ဘာယီရဲ့ ပင်နယ်တီကန်သွင်းပုံကို ပရိသတ်တွေက အွန်လိုင်းပေါ်မှာ ကောင်းကောင်းကြီး ဝေဖန်ပြစ်တင်နေပါတယ်။ “ဒီကောင် ရူးသွားပြီလား” “အဲရစ်ဘာယီက ဘရူနိုဖာနန်ဒက်စ်နဲ့ဂျော်ဂျင်ဟိုတို့ရဲ့ ပင်နယ်တီကန်ပုံ၊ ဖေမီနိုရဲ့ ဂိုးပေါက်ကိုမကြည့်တဲ့ ကန်သွင်းဟန်နဲ့ ပင်နယ်တီကန်ခဲ့ပါတယ်။ ဒါပေမယ့် အိုင်ဗရီကို့စ်ကတော့ အိမ်ပြန်လိုက်ရပါတယ်”

“ပင်နယ်တီကို ဘယ်လိုများ သောက်တလွဲကန်လိုက်တာလဲ” အစရှိသဖြင့် အဲရစ်ဘာယီကို အမျိုးမျိုး ဝေဖန်ပြစ်တင်လျက်ရှိပါတယ်။