မန်ယူကိုချစ်လွန်းလို့ အခြားပရီးမီးယားလိဂ်အသင်းမှာ ကစားမှာမဟုတ်တဲ့ ဟာရဲရား

ယူနိုက်တက်ကွင်းလယ်လူဟောင်း ဟာရဲရားဟာ လက်ရှိအချိန်မှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီမှာ ကစားနေပါတယ်။ အခု ဆောင်းရာသီ အပြောင်းအရွှေ့မှာ သူ့အနေနဲ့ ပရီးမီးယားလိဂ်ကလပ် စပါးကို ပြောင်းရွှေ့နိုင်ဖွယ်ရှိပေမယ့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ စပါးကွင်းလယ်လူ အန်ဒွန်ဘီလီကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်းအဖြစ် ဟာရဲရားကို ထည့်သွင်း ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ အန်ဒွန်ဘီလီဟာ စပါးနည်းပြ ကွန်တီလက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရပါတယ်။

ဇန်နဝါရီ (၉) မှာ ကစားခဲ့တဲ့ မိုကမ်ဘီနဲ့ အက်ဖ်အေဖလား နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဥ်သုံးပွဲမှာ အန်ဒွန်ဘီလီက ပွဲကစားခွင့်မရရှိခဲ့ဘဲ အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုမှာ ဟာရဲရားက စပါးကို ပြောင်းရွှေ့လိုတဲ့ ဆန္ဒမရှိပါဘူး။

အကြောင်းရင်းကတော့ အင်္ဂလန်မှာ ယူနိုက်တက်ကို ပြိုင်ဘက်အဖြစ် ပြန်လည်မရင်ဆိုင်လိုတာကြောင့်လို့ သိရှိရပါတယ်။ ဟာရဲရားအနေနဲ့ အင်္ဂလန်ကိုပြန်ဖြစ်ခဲ့ရင်လည်း ယူနိုက်တက်မှာသာ ကစားဖို့ ဆန္ဒရှိနေပါတယ်။

ဟာရဲရားဟာ ယူနိုက်တက်မှာ (၅) နှစ်တာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးပြီး အင်္ဂလန်မြေက ထွက်ခွာလာခဲ့တာကလည်း (၃၁) လ ဝန်းကျင်သာရှိပါသေးတယ်။

ဒါ့အပြင် လက်ရှိ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုလက်ထက်မှာလည်း ဟာရဲရားက ဒီရာသီ ပွဲပေါင်း (၂၅) ပွဲအထိ ကစားခွင့်ရရှိထားတာကြောင့် ပဲရစ်မြို့မှာ ပျော်ရွှင်နေတာလည်းဖြစ်ပါတယ်။