ပါရဂူကြီးနဲ့ စာချုပ်သစ်ကိစ္စအဆင်ပြေဖို့ လမ်းပြန်ပေါ်လာတဲ့ ဘာစီလိုနာ

ဘာစီလိုနာနဲ့ ဒမ်ဘီလီတို့ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာဆန်တဲ့ အနေအထားတွေကို ပြန်လည် ရောက်ရှိလာပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒမ်ဘီလီဟာ လာမယ့် နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားဖြစ်ပါတယ်။

ဒီအတွက် စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ကနဦးပြုလုပ်ခဲ့ပေမယ့် ဒမ်ဘီလီဘက်က တောင်းဆိုမှုတွေက မြင့်မားလွန်းတာကြောင့် နှစ်ဖက် ခွာပြဲတဲ့ အဆင့်အထိ ရောက်ရှိခဲ့ပါတယ်။

ဒမ်ဘီလီက တပတ်လုပ်ခ ပေါင် (၇) သိန်းအထိ တောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပြီး ဘာစီလိုနာ အားကစား ဒါရိုက်တာ အယ်လီမန်နီကလည်း ဒမ်ဘီလီကို ဒီလအတွင်း ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။

ဒမ်ဘီလီရဲ့ အေးဂျင့် မူဆာဆစ်ဆိုခိုကလည်း လန်ဒန်မြို့ကို ရောက်ရှိနေပြီး ချဲလ်ဆီးကို အငှားနဲ့ ပြောင်းဖို့ ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် မူဆာဆစ်ဆိုခိုအနေနဲ့ အင်္ဂါနေ့မှာ လန်ဒန်ကနေ ဘာစီလိုနာကို ပြန်ပြီး ဇာဗီနဲ့ဆွေးနွေးခဲ့ရာမှာတော့ တိုးတက်မှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒမ်ဘီလီက ဇာဗီ သဘောကျနှစ်သက်တဲ့ ကစားသမားတယောက်ဖြစ်တဲ့အပြင် လက်ရှိအချိန်မှာလည်း ဒမ်ဘီလီနဲ့ အေးဂျင့်တို့ဟာ ဇာဗီရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ သဘောကျတာကြောင့် အသင်းမှာဆက်ရှိဖို့ ပြင်ဆင်နေပါပြီ။

စာချုပ်သစ်နဲ့ ပတ်သက်လို့တော့ ဘယ်အချိန်မှာ လက်မှတ်ထိုးမလဲဆိုတာ အသေးစိတ် အချက်အလက်တွေကို ဆက်လက်ဆွေးနွေးသွားဖို့ရှိနေပါတယ်။