ဖာဂူဆန်နားပြီးတည်းက ကလော့ပ် ဒါမှမဟုတ် ဂွါဒီယိုလာကို ခန့်ရမှာလို့ တပည့်ဟောင်းကြီးဝန်ခံ

ဖာဂူဆန်နဲ့ လက်တွဲခဲ့ဖူးတဲ့ လက်ထောက်နည်းပြ မူလန်စတင်းက ယူနိုက်တက်အနေနဲ့ ဖာဂူဆန်နောက်ပိုင်းမှာ ယာဂင်ကလော့ပ် ဒါမှမဟုတ် ဂွါဒီယိုလာကို ခန့်အပ်ဖို့ ယူနိုက်တက်ကို အကြံပေးခဲ့ဖူးတယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ဖာဂူဆန်ခေတ်လွန်မှာ ဒေးဗစ်မိုယက်စ်က သူ့နေရာကို ဆက်ခံခဲ့ပေမယ့် တရာသီသာခံခဲ့ပြီး ဗန်ဟားလ်၊ မော်ရင်ဟို၊ ဆိုးလ်ရှားနဲ့ အခု ရန်းနစ်ဂ်အထိ နည်းပြအပြောင်းအလဲတွေ ပြုလုပ်နေရဆဲဖြစ်ပါတယ်။

ဖာဂူဆန် အနားယူသွားတာ ဆယ်စုနှစ်တခုပြည့်ခါနီး အချိန် ရောက်လာတဲ့နောက် ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ဖလားကို လုံးဝ မဆွတ်ခူးနိုင်တော့ပါဘူး။

မော်ရင်ဟိုလက်ထက်မှာသာ ယူရိုပါလိဂ်ဖလားကို အမြင့်ဆုံးဆုဖလားအဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့်လည်း မူလန်စတင်းက “ယူနိုက်တက်အနေနဲ့ ကလော့ပ် ဒါမှမဟုတ် ဂွါဒီယိုလာတယောက်ယောက်ကို မရလိုက်တာ နစ်နာခဲ့ပါတယ်”

“သူတို့နှစ်ယောက်လုံးက အသင်းကို ကောင်းကောင်းလွှမ်းမိုးနိုင်တဲ့နည်းပြတွေပါ။ လီဗာပူး ကစားသမားတယောက်ကို ‘မင်းဘာတွေလုပ်နေလဲ’ သွားမေးလိုက်ရင် သူတို့က ‘သိတာပေါ့’ လို့ ဖြေမှာပါ။ မန်စီးတီး ကစားသမားတယောက်ကို သွားမေးလိုက်ပါ။ ‘မင်းတို့ ဘာတွေပြောင်းလဲသွားပြီလဲ’ ဆိုရင် ‘ရက်စ်’ လို့ ပဲ ဖြေကြပါလိမ့်မယ်”

“ယူနိုက်တက် ကစားသမားတယောက်ကို သွားမေးလိုက်ရင်တော့ သေချာတဲ့ အဖြေရမှာမဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ အဓိကပစ်မှတ်ထားရမှာဖြစ်ပြီး ဒီနေရာအတွက်လည်း လက်ရှိအချိန်မှာ အာဆင်နယ်၊ စပါး၊ ဝက်စ်ဟမ်းတို့နဲ့ အပြိုင်ဖြစ်နေပါတယ်။