ရီးရယ်လ် ကို ပြန်သွားဖို့ ဂျော့ခ်ျမန်ဒတ်စ် ကို ပါပါပီရတ်ဇ် နဲ့ ဆွေးနွေးခိုင်းထားတဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် ကစားသမား ရော်နယ်ဒို ဟာ ရီးရယ်လ် အသင်းကို ပြန်လာဖို့ ဖြစ်နိုင်ဖွယ်နဲ့ ပတ်သက်ပြီး အေးဂျင့် ဂျော့ခ်ျမန်ဒတ်စ် ကို ရီးရယ်လ် ဥက္ကဌ ပီရတ်ဇ် နဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ ညွှန်ကြားထားတယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒို ဟာ ယူနိုက်တက် အတွက် ဒုတိယအကြိမ်မြောက် ကစားရာမှာ အဆင်မပြေမှုတွေရှိနေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ပေါ်တူဂီ ကစားသမား ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၃)ပွဲကစားထားပြီး (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ရော်နယ်ဒို ရောက်ရှိလာတည်းက ရုန်းကန်နေရပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၄)နေရာမှာ ရပ်တည်နေတာပါ။ အယ်လ်နေစီယွန်နယ်လ် က ရော်နယ်ဒို ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်မရရင် မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ကြိုးစားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရော်နယ်ဒို ဟာ နွေရာသီ အပြောင်းအရွှေ့မှာ ထွက်ခွာဖွယ်ရှိတာကြောင့် အခြားအသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ အေးဂျင့် ဂျော့ခ်ျမန်ဒတ်စ် တို့ကို ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ရော်နယ်ဒို ရဲ့ ပြိုင်ဘက် မက်ဆီ ပါ၀င်ကစားနေတဲ့ ပီအက်စ်ဂျီ အသင်းကလည်း ရော်နယ်ဒို ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတဲ့ အသင်းတွေထဲက တသင်းပါ။

ရော်နယ်ဒို ဟာ ရီးရယ်လ် အသင်းကို (၂၀၀၉)က မန်ချက်စတာယူနိုက်တက် အသင်းကနေ ပြောင်းရွှေ့ခဲ့ တာဖြစ်ပါတယ်။ရီးရယ်လ်အသင်းမှာ ကစားနေတဲ့ အချိန်ဟာ ရော်နယ်ဒိုရဲ့ ကစားသမားဘ၀ အအောင်မြင်ဆုံး အချိန်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား(၄)ကြိမ် အပါအ၀င် ဆုဖလားအများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ သူရခဲ့တဲ့ ဘောလွန်းဒီအော(၅)ကြိမ်မှာ ရီးရယ်လ် အသင်းမှာတင် (၄)ကြိမ်ရယူနိုင်ခဲ့တာပါ။ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ (၂၀၁၈)မှာ ဂျုဗင်တပ်စ် အသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။ အယ်လ်နေစီယွန်နယ် ကတော့ ရီးရယ်လ် ကစားသမားဟောင်းဟာ စပိန်မြို့တော်မှာ သူ့ရဲ့နေ့ရက်တွေကို လွမ်းဆွတ်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီ အသင်းရဲ့ ရလဒ်တွေကို အလွန်စိတ်ပျက်မိကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောထားသလို အသင်းဖော်တွေရဲ့ စိတ်အားထက်သန်မှုအပိုင်းကိုလည်း ဝေဖန်ထားတာဖြစ်ပါတယ်။