သူ့ရဲ့တန်ဖိုးကို လျှော့ချလို့ Transfermarket ကို ဘလော့ခ်ပစ်ခဲ့တဲ့ ရော်နယ်ဒို

မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရော်နယ်ဒို ကတော့ ဈေးကွက်ထဲမှာ သူ့ရဲ့တန်ဖိုးကို လျှော့ချပစ်ခဲ့လို့ လူကြိုက်များတဲ့ Transfermarket ကို ဘလော့ခ်ပစ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရော်နယ်ဒို ဟာ သူ့ရဲ့တန်ဖိုးကို လျှော့ချခဲ့တဲ့ အတွက် မပျော်မရွှင်ဖြစ်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်တည်းက အင်စတာဂရမ်မှာ ဘလော့ခ်ခဲ့တာပါ။Transfermarket ရဲ့ဗြိတိန်မန်နေဂျာက ဒါနဲ့ပတ်သက်ပြီး The Athletic ကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဘတ်ရှ် က “ကျွန်တော်တို့ဟာ (၃၃)နှစ်အထက် ကစားသမား(၁၀)ဦးကို အင်စတာဂရမ်မှာ တင်ခဲ့တယ်လို့ထင်ပါတယ်။ရော်နယ်ဒို ဟာ ထိပ်ဆုံးနေရာမှာ ရှိနေပေမယ့် သူ့အနေနဲ့ ဒီထက်ပိုပြီး တန်ဖိုးရှိရမယ်လို့ ပြောခဲ့ပါတယ်။သူဟာ ကျွန်တော်တို့ရဲ့ဆိုရှယ်မီဒီယာ ကို ဦးစွာ မက်ဆေ့ပို့ခဲ့ပါတယ်”

“သူတို့ကလည်း ဘာကြောင့်လဲဆိုတာ ပြန်ရှင်းပြခဲ့ပြီး ခင်ဗျားရဲ့အုပ်စုထဲမှာ ခင်ဗျားက နံပတ်တစ်ပဲလို့ ပြန်ပြောခဲ့ပါတယ်။ပေါင်သန်း(၃၀)နဲ့ ပေါင်သန်း(၅၀)ကြား ကွာဟတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမယ့် သူက ကျွန်တော်တို့ကို အပြုံးတချို့ပေးပြီး ဘလော့ခ်သွားပါတယ်”လို့ ဆိုခဲ့ပါတယ်။

Transfermarket က (၂၀၂၀) က ထုတ်ပြန်ခဲ့ရာမှာ ရော်နယ်ဒိုကို ယူရို(၇၅)သန်းပဲ တန်ကြေးသတ်မှတ်ခဲ့တာကို ဘောလွန်းဒီအော(၅)ကြိမ်ရ ကစားသမားက ဒေါသ ထွက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရော်နယ်ဒို ရဲ့လက်ရှိတန်ဖိုးဟာ Transfermarket မှာ ပေါင်(၃၁)သန်းကျော် သာ ရှိတော့တာပါ။ရော်နယ်ဒို ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် (၂၄)ပွဲပါဝင်ကစားထားပြီး (၁၄)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ နောက်လမှာ အသက်(၃၇)နှစ်ပြည့်တော့မှာဖြစ်ပေမယ့် ထိပ်တန်းအဆင့်မှာ ကစားနိုင်သေးတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတာလည်းဖြစ်ပါတယ်။